November 5, 2024

MT News
၂၄. ၁၁. ၂၀၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် မဟာမဲခေါင် ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ယနေ့နံနက်ပိုင်းက ထွက်ခွာသွားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအား တရုတ်အစိုးရတာဝန်ရှိသူ အကြီးအကဲများက ကူမင်းမြို့လေဆိပ်သို့လာရောက်ပြီး ကော်ဇောနီခင်းကာ ကြိုဆိုမှုပြုခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

တရုတ်နိုင်ငံတွင် နိုင်ငံတော်အဆင့်ခေါင်းဆောင်များကိုသာ ကော်ဇောနီခင်းကြိုဆိုခြင်းဖြစ်ပြီး SAC ဥက္ကဋ္ဌကဲ့သို့ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh ကိုလည်း ကူမင်းမြို့ Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။

တရုတ်နိုင်ငံသို ယနေ့မနက်ပိုင်းက စတင်ထွက်ခွာခဲ့သည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရောက်ရှိသည့် ယနေ့ နံနက်ပိုင်းတွင်ပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Hualuxe Hotel ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၌ အခြေခံအဆောက်အဦများ တည်ဆောက်ရန်၊ ဘိလပ်မြေ လိုအပ်ချက်များစွာရှိနေသည့်အတွက် ဘိလပ်မြေစက်ရုံ တည်ထောင်ရန်၊ မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ EV ယာဉ်ထုတ်လုပ်မှုဆိုင်ရာ မြှုပ်နှံရေးကဏ္ဍ စသည့် နိုင်ငံတော်၏ လိုအပ်ချက် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးဖိတ်ခေါ်ခဲ့သည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေမှာ တစ်ဆင့်စီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်းကလည်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးပါမယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုကို ယုံယုံကြည်ကြည်နဲ့ လာရောက်လုပ်ကိုင်နိုင်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်လုပ်ငန်းရှင်များကို ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုအပြင် ယူနန် နည်းပညာကောလိပ်(ကူမင်းမြို့) နှင့် ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံသည်ဟု ကနဦးသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်း အဝေး (8th Greater Mekong Subregion(GMS) Summit)၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျုဟာထိပ်သီးအစည်းအဝေး (10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS)Summit နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (11th Cambodia-Lao PDR-Myanmar-Vietnam (CLMV) Summit ) တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)မှ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးများသို တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *