◾ တန်ဆောင်တိုင်ကာလနဲ့ လာမယ့်ဒီဇင်ဘာလတွေမှာ ခရီးသွားတွေ ကလောဒေသဘက်ကို ပိုမိုဝင်ရောက်လာနိုင်မယ်လို့လည်း ခန့်မှန်းထား
၅.၁၁.၂ဝ၂၄
Written by K Pyay Thein
ရေဘေးဒဏ်သင့်ခဲ့တဲ့ ကလောဒေသဘက်ကို လမ်းပန်းဆက်သွယ်ရေးတွေက ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်လို့ ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာနေပြီလို့ ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
“ကလောဘက်ကို ခရီးသွားတွေပြန်ဝင်လာကြပါတယ်။ ပြန်လာကြပြီ။ သူ့ဟာလေးနဲ့သူတော့ သွားလာနေကြပါတယ်။ ဧည့်သည်တွေရှိပါတယ်။ လမ်းကြောင်းတွေအားလုံးလည်း အခုပြန်ပွင့်ပြီ။ ပြောရရင် ခရီးသွားက အခုကာလမှာ ၃ ပုံမှာ ၁ ပုံလောက် ပြန်ဝင်လာကြပါတယ်”လို့ ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက MT News သို့ ပြောပါတယ်။
ဒါ့အပြင် ဒီတန်ဆောင်တိုင်ကာလနဲ့ လာမယ့် ဒီဇင်ဘာလတွေမှာ ခရီးသွားတွေ ကလောဒေသဘက်ကို ပိုမိုဝင်ရောက်လာနိုင်မယ်လို့လည်း ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။
“တောင်ကြီး၊ အင်းလေး၊ ကလော၊ ရွာငံ၊ ပင်းတယ ဘက်တွေက ဒါကတစ်ဆက်တည်းလေ။ သူက ခရီးသွားဒေသလည်းဖြစ်တယ်။ အခုတောင်ကြီးမှာဆိုရင် တန်ဆောင်တိုင်ရက်အတွက် ခရီးသွားတွေအကုန်ပြည့်နေတယ် ပြောတယ်။ ဟိုတယ်တွေတော်တော်များများ အကုန်နီးပါးလောက် ဘိုကင်တွေပြည့်နေတယ်။ အခု ဦးစားပေးအနေနဲ့ တောင်ကြီးဘက်ကို ခရီးသွားတွေက ပိုပြီးတော့ဝင်တာများပါတယ်။ တန်ဆောင်တိုင်ပွဲလည်းရှိတော့ တောင်ကြီးဘက်ကို သွားတာများကြတယ်။ အဲ့ကပြန်ဆင်းလာတယ်ဆို ဒီဘက်ကို ခရီးသည်တွေက ဝင်လာကြမှာပေါ့။ လာမယ့်တစ်ပတ်အတွင်းဆို ခရီးသွားဝင်ရောက်မှုတွေက ပိုသိသာလာနိုင်မယ်။ ကလောဘက်တွေကတော့ သူရဲ့ခရီးသွားရာသီက ၂ လပိုင်းအထိကတော့ ခရီးသည်တွေမပြတ်ဘူး။ တိမ်ပင်လယ်တွေ၊ View point တွေအကုန်လုံးက ကြည့်လို့ရပါပြီ”လို့ ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ထပ်လောင်းပြောပြပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပြီးပါက လပြည့်ကျော် ၂ ရက်နေ့ဆို ကလောမြို့မှာ နှစ်စဉ်ကျင်းပနေကြ ရိုးရာပွဲတွေရှိနေလို့ အဲ့ဒီရက်တွေမှာတော့ ခရီးသွားတွေ ပိုမိုဝင်ရောက်လာနိုင်မယ်လို့ ကလောဒေသခံတွေက ပြောပါတယ်။
“နောက်တစ်ခု ဒီဘက်မှာဘာရှိလဲဆိုရင် တောာင်ကြီး တန်ဆောင်တိုင်အပြီး လပြည့်ကျော် ၂ ရက်နေ့ဆိုရင် ကလောမှာ နှစ်စဥ်ကျင်းပနေကြ ရိုးရာပွဲရှိတယ်။ အဲ့ဒီရက်တွေမှာဆို နယ်ခံတွေအားလုံးက ဒီဘက်ကိုပြန်လာကြတယ်။ လပြည့်ကျော်တစ်ရက်ဆို ကလောတန်ဆောင်တိုင်ရိုးရာပွဲက အရမ်းစည်တယ်။ ကိုယ့်အိမ်ကိုယ်ပြန်လာကြတဲ့သူတွေရော၊ ခရီးသွားတွေနဲ့ရော တအားစည်ပါတယ်”လို့ ကလောဒေသခံတစ်ဦးက ထပ် လောင်းပြောပြပါတယ်။
Photo – CJ