November 5, 2024

၅.၁၁. ၂၀၂၄
Translated by Htwe Ko Tun

ကမ္ဘာကျော် အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဘိုးရင်းကုမ္ပဏီရဲ့ အလုပ်သမားတွေဟာ ကုမ္ပဏီက ကမ်းလှမ်းခဲ့တဲ့ အလုပ်သမားသဘောတူညီမှုစာချုပ်အသစ်ကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာ လက်ခံသဘောတူခဲ့ကြတာကြောင့် လေယာဉ်ထုတ်လုပ်မှုကို ရက်သတ္တပတ်ခုနှစ်ပတ်ကျော် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးစေခဲ့တဲ့ သူတို့ရဲ့ သပိတ် မှောက်မှုကို အဆုံးသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါက ဘိုးရင်းကုမ္ပဏီအတွက် သူ့ရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ ဘဏ္ဍာရေးအခြေအနေတွေကို ပြန်လည်ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ အဓိက အတားအဆီးတစ်ရပ်ကို ကျော်လွှားလိုက်နိုင်တာလည်းဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေကိုခေါင်းဆောင်တဲ့ အလုပ်သမားသမဂ္ဂရဲ့ ၅၉ ရာခိုင်နှုန်းသော အဖွဲ့ဝင်တွေက ဘိုးရင်းကုမ္ပဏီရဲ့ ကမ်းလှမ်းချက် စာချုပ်အသစ်ကို ထောက်ခံမဲပေးခဲ့ကြပါတယ်။ ဒီစာချုပ်မှာ လာမယ့် လေးနှစ်အတွင်း အလုပ်သမားတွေရဲ့ လစာကို ၃၈ ရာခိုင်နှုန်းတိုးမြှင့်ပေးဖို့နဲ့ အငြိမ်းစားလစာအတွက် ကူညီပံ့ပိုးမှုတွေကိုလည်း မြှင့်တင်ဆောင်ရွက်ပေးဖို့တွေ ပါဝင်တယ်လို့ ဆန္ဒပြအလုပ်သမား ၃၃,၀၀၀ ကို ကိုယ်စားပြုတဲ့ Internati Association of Machinists and Aerospace Workers အလုပ်သမားသမဂ္ဂက ပြောခဲ့ပါတယ်။ ဒါပေမယ့် အငြိမ်းစားလစာပေးဖို့အတွက် စီမံချက်အနေနဲ့ မပါဝင်သေးပါဘူး။

နိုဝင်ဘာလ ၄ ရက်မှာ စာချုပ်အသစ်အပေါ် ထောက်ခံမဲပေးကျော်ခဲ့ကြမှုက အလုပ်သမားတွေရဲ့ ဘိုးရင်းကုမ္ပဏီထံက ခုလိုစာချုပ်ကမ်းလှမ်းမှုကို တတိယအကြိမ် မဲဆန္ဒပေးခဲ့ကြခြင်းပါ။ ပထမနှစ်ကြိမ်မှာတော့ ကုမ္ပဏီရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ကြတာပါ။ ခုလိုထောက်ခံမဲပေးခဲ့ကြတာကြောင့် အလုပ်သမားတွေအနေနဲ့ နိုဝင်ဘာလ ၆ ရက်မှာ သူတို့ရဲ့စက်ရုံတွေမှာ ပြန်လည်အလုပ်ဆင်းကြမယ်လို့ မျှော်လင့်ရပါတယ်။

ဘိုးရင်းအလုပ်သမားတွေရဲ့သပိတ်က စက်တင်ဘာလ ၁၃ ရက်မှာ စခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့သပိတ်ကြောင့် ဘိုးရင်းကုမ္ပဏီမှာ လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းအများစု ရပ်ဆိုင်းသွားခဲ့ပြီး တစ်ရက်ကို ဝင်ငွေ ဒေါ်လာ သန်း ၁၀၀ လောက်ဆုံးရှုံးခဲ့ရပါတယ်။ အခုသပိတ်က ဘိုးရင်းကုမ္ပဏီသမိုင်းမှာ ၁၆ နှစ်အတွင်း အဆိုးဝါးဆုံးလည်း ဖြစ်ခဲ့ရပါတယ်။

ဒါ့ပြင် Alaskan လေကြောင်းလိုင်းမှ ဘိုးရင်းလေယာဉ်တစ်စီး ၂၀၂၄ နှစ်ဆန်းမှာ လေယာဉ်တံခါး ပွင့်ထွက်ပေါက်ကွဲမှုဖြစ်ခဲ့လို့ အစိုးရရဲ့ တင်းကျပ်တဲ့စစ်ဆေးမှုကိုခံနေရတဲ့ ဘိုးရင်းကုမ္ပဏီအတွက် အလုပ်သမားတွေရဲ့သပိတ်က နောက်ထပ်ဖိအားတစ်ခု ဖြစ်ခဲ့ရပါတယ်။

ဘိုးရင်းကုမ္ပဏီ ကတည်ဆောက်ခဲ့တဲ့ Starliner အာကာသ ယာဉ်ဆိုရင်လည်း သူ့ရဲ့ပထမဆုံးခရီးစဉ် အတွင်းမှာပဲ စက်ချွတ်ယွင်းခဲ့ရတာကြောင့် အာကာသယာဉ်မှူးနှစ်ဦးဆိုရင် နိုင်ငံတကာအာကာသစခန်းမှာ ဒီနှစ်အစောပိုင်းက သောင်တင်မှု ဖြစ်ခဲ့ရပါသေးတယ်။

Ref- Bloomberg, Reuters

Leave a Reply

Your email address will not be published. Required fields are marked *