၅.၁၁.၂ဝ၂၄
Written by K Pyay Thein
ကားဝယ်သူကို Without ကားသွားရောင်းချိန် ဝယ်သူတွေက အောင်မင်္ဂလာအဝေးပြေးကားကွင်းက လူမိုက်တွေဖြစ်နေလို့ အဲ့ဒီလူမိုက်အဖွဲ့က ကားကိုလုယူပြေးသွားတဲ့ ဖြစ်စဉ်တစ်ခု မကြာသေးမီရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းရှိ လူမိုက်တွေက Without ကားလာရောင်းတဲ့သူဆီက ကားကိုဝယ်မယ်ဆိုပြီး လိမ်လည်ခေါ်ယူပြီးနောက် ကားရောင်းတဲ့သူရောက်လာတဲ့အခါမှာတော့ ကားကိုလုယူပြေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အောင်မင်္ဂလာကားဝင်းနားမှာ အလုခံလိုက်ရတာပါ။ သူတို့ကားဝယ်မယ်ဆိုပြီး ချိန်းတာပါ။ ချိန်းတဲ့နေရာက Terminal M ထဲကို ချိန်းတာပါ။ အစက တစ်ယောက်ထဲလာပြီး ကားကြည့်တယ်။ ပြီးတော့မှ ကားအစမ်းမောင်းကြည့်မယ်ဆိုပြီး အပြင်လမ်းမမှာ သူ့လူသုံးယောက် အုပ်စုနဲ့ စောင့်နေတာပါ။ ကားကို သူ့လူနားပွတ်ဆွဲပြီး ထိုးရပ်လိုက်တယ်။ ပြီးတော့ ကားပေါ်ကို သူ့လူတွေက ဓားနဲ့ တက်လာပြီး အတင်းထိုးမလိုလုပ်နေလို့ လူကိုမထိအောင် မနည်းဆင်းပြေးလာခဲ့ရတယ်။ ဒါကို ပြောပြတာ နောက်လူတွေ အားလုံးသတိထားရအောင် မခံရအောင်လို့ပြောပြတာပါ”လို့ လုယူခံလိုက်ရတဲ့ Without ကားပိုင်ရှင်ဖြစ်သူက သူကြုံတွေ့ခဲ့ရတာကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
သက်ဆိုင်ရာကတော့ ဘယ်နေရာမဆို Without ကားတွေကိုတွေ့ရှိပါက တစ်ခါတည်း ဖမ်းဆီးထိန်းသိမ်းအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာက မြို့အဝင်၊ အထွက် တိုးဂိတ်တွေမှာလည်း Without ကားတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေကို ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
“အခုက လိုင်စင်ကားတောင် ပျောက်သွားရင် လိုက်မရဘူး။ လိုက်ရခက်ပါတယ်။ အခုည အရောင်းအဝယ်လုပ်ကြတာက Without ကားဆိုတော့ ပြန်ရဖို့တော့မလွယ်ကူပါဘူး”လို့ ကားဈေးကွက်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
လုယူခံရတဲ့ Without ကားဟာ တိုရိုတာမတ်တူးအမျိုးအစား(အဖြူရောင်ယာဉ်)ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အဲ့ဒီအောင်မင်္ဂလာအဝေးပြေးကွင်းအနီးပတ်ဝန်းကျင်မှာ လူမိုက်အဖွဲ့တွေသောင်းကျန်းနေပြီး ဒီကားဝင်းပတ်ဝန်းကျင်မှာ လုယက်မှုတွေလည်း မကြာခဏဆိုသလိုဖြစ်ပွားနေတယ်လို့ သိရပါတယ်။