၅.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံမြောက်ဘက်ပိုင်း ဥတ္တရာခန်ပြည်နယ်ထဲမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်နက်တစ်ခုထဲကို နိုဝင်ဘာလ ၄ ရက်နံနက်က ထိုးကျခဲ့တာမှာ အနည်းဆုံး လူ ၃၆ ဦး သေဆုံးပြီး ၂၇ ဦးမှာ ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
ဘတ်စ်ကားက လူ ၄၂ ယောက်စီး ထိုင်ခုံတွေပါရှိတဲ့ကားဖြစ်ပြီး ဖြစ်ရပ်ဖြစ်ပွားချိန်မှာတော့ ဘတ်စ်ကားမှာ လူ ၆၃ ဦးအထိ လိုက်ပါလာတာလို့ သိရပါတယ်။ ပြည်နယ်အတွင်း ကူပီကျေးရွာအတွင်းမှာတော့ ကားကိုမောင်းလာသူက မထိန်းနိုင်ဖြစ်ပြီး မီတာ ၁၅၀ လောက်နက်တဲ့ ချောက်ထဲကို နံနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ထိုးကျခဲ့တယ်လို့ သိရပါတယ်။ အဖြစ် အပျက်က ပြင်းထန်ဆိုးဝါးလွန်းတော့ တချို့ခရီးသည်တွေဆိုရင် ကားထဲကနေ အပြင်ဘက်ကို လွင့်စင်ထွက်ကုန်ကြတယ်လို့လည်း သတင်းတွေကဆိုပါတယ်။
အမျိုးသမီးရှစ်ဦးနဲ့ ကလေးငယ်တစ်ဦးတို့ အပါအဝင် ၂၈ ဦးက နေရာမှာတင်သေဆုံးခဲ့ကြပြီး နောက် ၈ ဦးကတော့ ရမ်နာဂါဆေးရုံအရောက်မှာ ထပ်မံသေဆုံးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပွတ်ရှကာ ဆင်းဒါမီက ဆိုးဝါးလှတဲ့အဖြစ်အပျက်လို့ပြောခဲ့ပြီး ဖြစ်ရပ်မှာ သေဆုံးသူတွေအတွက် တစ်ဦးကို ရူပီးလေးသိန်းစီနဲ့ ဒဏ်ရာရသူတွေအတွက် တစ်ဦးကို ရူပီး တစ်သိန်းစီလျော်ကြေးပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
ခန့်မှန်းခြေအားဖြင့် အိန္ဒိယနိုင်ငံမှာ မော်တော်ကားမတော်တဆမှုတွေကြောင့် တစ်နှစ်လျှင်သေဆုံးသူ ၁၆၀,၀၀၀ ခန့်ရှိတဲ့အတွက် ကမ္ဘာမှာအမြင့်မားဆုံးလို့လည်း သိရပါတယ်။ ဒီလို ယာဉ်မတော်တဆမှုတွေဖြစ်ရတဲ့ အဓိကအကြောင်းတွေကတော့ အရှိန်မထိန်းနိုင်အောင် ကားကိုမောင်းနှင်တာနဲ့ ဂရုမစိုက် အလေးမထားဘဲ ယာဉ်မောင်းနှင်တာတွေကြောင့်လို့လည်း သိရပါတယ်။
Ref- Indian Express