November 5, 2024

◾ နိုင်ငံတော်အတွက် လိုအပ်ချက်ရှိနေသည့်ကဏ္ဍများတွင် လာရောက်မြှုပ်နှံမှုပြုရန် တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်

၅. ၁၁. ၂၀၂၄
Written by Nyein Kyaw

တရုတ်နိုင်ငံသို့ ယနေ့မနက်ပိုင်းက စတင်ထွက်ခွာခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရောက်ရှိသည့် ယနေ့ နံနက်ပိုင်းတွင်ပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ တရုတ်နိုင်ငံသားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

SAC ဥက္ကဋ္ဌသည် တရုတ်နိုင်ငံသို့ စတင်ရောက်ချိန်၌ပင် ကူမင်းမြို့ရှိ Hualuxe Hotel ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံ၌ အခြေခံအဆောက်အဦများ တည်ဆောက်ရန်၊ ဘိလပ်မြေ လိုအပ်ချက်များစွာရှိနေသည့်အတွက် ဘိလပ်မြေစက်ရုံ တည်ထောင်ရန် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

SAC ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion(GMS) Summit)၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျုဟာထိပ်သီးအစည်းအဝေး (10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS)Summit နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (11th Cambodia-Lao PDR-Myanmar-Vietnam (CLMV) Summit ) တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)မှ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#sac #တရုတ် #မဟာမဲခေါင် #ရှီကျင့်ဖျင် #အစိုးရ #ထိပ်သီးအစည်းအဝေး #မဟာဗျုဟာ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *