၅. ၁၁. ၂၀၂၄
Written by Nyein Kyaw
ဗဟိုဘဏ်မှ ဒေါ်လာ ၁၅ သန်း၊ ထိုင်းဘတ်သန်း ၁၀၀ ကျော်နှင့် တရုတ်ယွမ် ၁ သန်းခွဲ ထပ်မံထုတ်ရောင်း၍ သုံးလကျော်အတွင်း ဒေါ်လာ ၂၅၆ သန်းကျော်နှင့် ထိုင်းဘတ် ၁ ဘီလျံကျော်အထိ ထုတ်ရောင်းပေးထားကြောင်း နိုဝင်ဘာ ၄ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်များ တင်သွင်းရန်အတွက် အဓိကလိုအပ်သည့် ဒေါ်လာအပြင် သွင်းကုန်အဓိက တင်သွင်းနေသည့် ထိုင်းနှင့် တရုတ်နိုင်ငံများနှင့် တိုက်ရိုက်ငွေပေးချေနိုင်မှု စနစ်ကိုပါ ဆောင်ရွက်ခဲ့ပြီး ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကိုပါ ထုတ်ရောင်းပေးခဲ့သည်။ ထိုသို့ ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ သုံးလကျော်တွင် ဒေါ်လာ ၂၅၆ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၀၃၄ ဘီလျံနှင့် တရုတ်ယွမ် ၄၄ သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။
ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် ပြီးခဲ့သည့် အောက်တိုဘာလအလယ်တွင် တစ်ဒေါ်လာ ကျပ် ၄၅၀၀ အောက်သို့ ပြန်ကျဆင်းလာချိန် ဒေါ်လာဈေးနှုန်း ဆွဲတင်ကာ ရွှေဈေးနှုန်း ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်မှုရှိခဲ့သောကြောင့် အောက်တိုဘာ ၂၄ ရက်တွင် တစ်ဒေါ်လာ ၄၈၀၀ သို့ ပြန်မြင့်တက်ခဲ့သည်။
ဒေါ်လာဈေးများ ပြန်မြင့်တက်လာချိန်တွင် ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များ ဆက်တိုက်ထုတ်ရောင်းပေးမှုအပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း တရားဝင် အသိပေးထုတ်ပြန်ခဲ့မှုကြောင့် ယမန်နေ့ ညနေပိုင်းနှင့် ယနေ့ နံနက်ပိုင်းတွင် ဒေါ်လာဈေး ၄၅၀၀ အထိ ပြန်ကျဆင်းခဲ့သည်။