၅.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆွမ်ဒက်ဖရာဖင်ကလောင် လမ်းသွယ် ၁၇ (Somdet Phra Pin Clao Soi 17) အနီးမှာရှိတဲ့ ကွန်ဒိုမီနီယံတစ်ခုရဲ့ ဒုတိယထပ် ကားရပ်နားဖို့နေရာက အသက် ၇၀ အရွယ် ပါမောက္ခတစ်ဦး မောင်းနှင်လာတယ်လို့သိရတဲ့ ကားတစ်စီးက မြေပေါ်ကို နိုဝင်ဘာလ ၄ ရက် မွန်းတည့်ချိန်ခန့်မှာ ဦးစိုက်ထိုးကျခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အဆိုပါ ပါမောက္ခဖြစ်သူက အဲဒီကွန်ဒိုမီနီယံမှာနေထိုင်သူလည်းဖြစ်ပြီး ဒုတိယထပ်ကနေ မြေပြင်ဆီ ကားနဲ့အတူပြုတ်ကျခဲ့ပေမယ့် ပါမောက္ခဖြစ်သူဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ဘဲ ဆေးရုံသို့ တင်ပို့ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ကွန်ဒိုမီနီယံရဲ့ ဥယျာဉ်မှူးဖြစ်သူက အဆိုပါဖြစ်ရပ်ဖြစ်ချိန်မှာ သူက ခုနစ်ထပ်မြောက်မှာ အလုပ်လုပ်နေတာဖြစ်ပြီး ရုတ်တရက် ကျယ်လောင်လှတဲ့အသံကြီးတစ်ခုကို သူကြားခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ သူက အပြင်ကိုထွက်ကြည့်လိုက်တော့ ပါမောက္ခဖြစ်သူရဲ့ကားကို မြေပြင်ပေါ်မှာ ပြုတ်ကျနေတာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒုတိယထပ်က ပြုတ်ကျခဲ့ပေမယ့် ကားအတွင်းပိုင်းမှာ လေအိတ်တွေတပ်ဆင်ခံထားခဲ့တာမို့လည်း ပါမောက္ခအနေနဲ့ အသေးအမွှားဒဏ်ရာလေးတွေသာရခဲ့ပြီး ခန္ဓာကိုယ်အပြင်ဘက်ပိုင်းမှာလည်း သိသာတဲ့ ဒဏ်ရာရရှိမှုတွေ မရှိခဲ့ပါဘူး။
ဥယျာဉ်မှူးက သူ့ကို ဘယ်လိုဖြစ်ရတာလဲ မေးမြန်းတဲ့အခါမှာတော့ ဒုတိယထပ် ကားရပ်နားဖို့နေရာ ကြမ်းပြင်က ဆီတွေနဲ့ ချောနေပြီး သူကလည်း မတော်တဆ ကားလီဗာကို သွားနင်းမိလိုက်တာမှာ အခုလို ကားက နံရံကို တိုက်မိဖောက်ထွက်ပြီး မြေပေါ်ကိုပြုတ်ကျခဲ့တာလို့ ပါမောက္ခက ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
ကားက မြေပြင်ပြုတ်ကျချိန် လေထဲမှာ တစ်ပတ်လည်ပြီး ကားနောက်ပိုင်းနဲ့ မြေပြင်ကို ဦးစွာဆောင့်မိခဲ့တာကြောင့်လည်း ကားရှေ့ခန်းမှာမောင်းလာတဲ့ပါမောက္ခအဖို့ သက်သာရာရခဲ့တယ်လို့ ဆိုရမှာပါ။
Ref-Khaosod