MT News
၅. ၁၁. ၂၀၂၄
တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှု၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် မနက်ဖြန် နိုဝင်ဘာ ၆ ရက်မှာ ၈ ရက်နေ့အတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
“၂၀၂၄ နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွေမှာ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ မကျီးဇင်၊ ဂွ၊ ဆပ်သွား၊ ကျိန္တလီ၊ မင်းပြင်၊ ကျောက်ကြီး၊ ငပလီ၊ သံတွဲ၊ ရွှေလှေဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်”ဟု လူမှုကွန်ရက်ပေါ် မိုးလေဝသခန့်မှန်းသူ စုစုစံက သတိပေးထားသလို အဆိုပါနှစ်ရက်အတွင်း ကယားပြည်နယ်တစ်ခုလုံး မိုးကြီးနိုင်ခြင်းနှင့် မိုင်းပန်၊ လင်းခေး၊ မောက်မယ်၊ မိုးနဲ၊ ဆွန်မရမ်း၊ နားခံရွာ ဒေသများ မိုးများစွာရွာသွန်း၍ မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်သည့်အပြင် နေပြည်တော်နှင့် ပဲခူးတိုင်းအတွင်းလည်း မိုးများစွာရွာသွန်းကာ ပဲခူးရိုးမနှင့် ဆက်စပ်သော ဒေသများတွင်မူ တောင်ကျချောင်းရေ အရှိန်အဟုန်ဖြင့်စီးလာနိုင်မှုကိုပါ သတိပြုရန်လိုကြောင်း အသိပေးထားသည်။
အလားတူ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။ ထို့အတွက် ယနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်သည်။
လက်ရှိတွင် မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် လိုအပ်သည်။
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးနှိုးဆော်ထား သည်။