November 5, 2024

၅.၁၁. ၂၀၂၄
Written by Shwe Phyo

တရုတ်နိုင်ငံအခြေစိုက် သုတေသနအုပ်စုက အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်းဒေါ်နယ်ထရမ့် အနိုင်ရပြီး အမေရိကန်သမ္မတအဖြစ် တစ်ကျာ့ပြန် တာဝန်ယူခွင့်ရမည်ဖြစ်ကြောင်း ခန့်မှန်းဖော်ပြလိုက်သည်။

ရှန်ဟိုင်းမြို့မှ ဂုဏ်သိက္ခာရှိသောတက္ကသိုလ်ဖြစ်သည့် ဖူဒန်း တက္ကသိုလ်သုတေသနအဖွဲ့သည် စွမ်းရည်ပိုင်း ကောင်းမွန် သော ခေတ်မီကွန်ပျူတာများကိုအသုံးပြုပြီး အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းဒေါ်နယ်ထရမ့် အနိုင်ရမည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါတက္ကသိုလ်မှ အသုံးပြုခဲ့သော ကွန်ပြူတာများမှ ခန့်မှန်းတွက်ချက်ရာတွင် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် ပြိုင်ဘက်ဖြစ်သူကို ဆန္ဒမဲပေါင်း ၆၀ ရာခိုင်နှုန်းဖြင့် အနိုင်ရမည်ဟု ခန့်မှန်းဖော်ပြခဲ့သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် နှစ်ရက်အလိုတွင် တက္ကသိုလ်၏ ခက်ခဲရှုပ်ထွေးသောဆုံးဖြတ်ချက်များအတွက် လေ့လာသုံးသပ်အဖြေရှာပေးသောဌာန(CCDA) သည် အမေရိကန်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ခန့်မှန်းချက်ကို ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်၏ နိုင်ငံတကာဆက်ဆံရေးနှင့် ပြည်သူရေးရာအဖွဲ့မှ သုတေသီတစ်ဦးဖြစ်သော Tang Shiping ဦးဆောင်သည့်အဖွဲ့သည် စွမ်းရည်မြင့်သော ခေတ်မီကွန်ပျူတာများအသုံးပြုပြီး အဓိကပြည်နယ် ၈ ခု၏ Electoral College မဲများနှင့် အများပြည်သူမဲများကို တွက်ချက်မှုဆိုင်ရာ သရုပ်ဖော်မှုအသုံးပြုပြီး ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော ၂၀၂၀ ပြ​ည့်နှစ် သမ္မတရွေးကောက်ပွဲအတွင်း ရီပတ်ဘလီကန်ပါတီနှင့် ဒီမိုကရက်တစ်ပါတီကြား ဆန္ဒမဲငါးရာခိုင်နှုန်းသာကွာဟသော ပြည်နယ်များကို ယခုနှစ်သမ္မတ ရွေးကောက်ပွဲတွင် အကြိတ်အနှယ်ယှဉ်ပြိုင်ရမည့် ပြည်နယ်များအဖြစ်သတ်မှတ်ခဲ့ပြီး အာရီဇိုးနားပြည်နယ်၊ မီချီဂန်ပြည်နယ်၊ ဂျော်ဂျီယာပြည်နယ်၊ နီဗာဒါပြည်နယ်၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဝီကွန်ဆင်ပြည်နယ်နှင့်ပန်ဆယ်ဗေးနီးယားပြည်နယ်တို့ သတ်မှတ်ခံထားရကြောင်း သိရသည်။

ထို့အပြင် ဖလော်ရီဒါပြည်နယ်သည်လည်း ရီပတ်ဘလီကန်ပါတီနှင့်ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း နှစ်ဦးအတွက် ရလဒ်များ ကြီးမားသောကွာဟချက်မရှိဘဲ ကျဉ်းမြောင်းသော ရလဒ်မျိုးထွက်ပေါ်လေ့ရှိသည့် ပြည်နယ်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သောနှစ်များအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ဖလော်ရီဒါပြည်နယ်သည် ရီပတ်ဘလီကန်ပါတီ၏သမ္မတလောင်းရလဒ်ကောင်းများရယူနိုင်သောပြည်နယ်အဖြစ် သက်သေပြနိုင်ခဲ့သည်။

စွမ်းရည်ကောင်းမွန်သော ကွန်ပျူတာစနစ်အတွင်း (ABM) ဟုခေါ်သော နည်းပညာစနစ်ကို ထည့်သွင်းထားပြီး ယင်းစနစ်က ရှုပ်ထွေးသောအပြုအမူများကို ပိုင်းခြားစိတ်ဖြာကာ ရလဒ်များကို ခန့်မှန်းရန်အတွက် စနစ်တစ်ခုအတွင်း တစ်ဦးချင်းစီ၏ လုပ်ဆောင်ချက်များနှင့် အပြန်အလှန်တုံ့ပြန်မှုများကို ထည့်သွင်းထားကြောင်း သိရသည်။

Ref, SCMP

Leave a Reply

Your email address will not be published. Required fields are marked *