၄.၁၁.၂၀၂၄
Written By Zun
မြန်မာနိုင်ငံတွင် ကွမ်းယာသည်ဘဝက ရွှေဆိုင်ပိုင်ရှင်ဖြစ်လာကာ အောင်မြင်ထင်ရှားလာသည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်အဖြစ်အများသိသူ ဦးအောင်ဆန်းဝင်းအား ထုတ်ပြန်ထားသည့်ဝရမ်းကို ရုပ်သိမ်းလိုက်ပြီလားဟု မေးခွန်းထုတ်သူများရှိလာနေကြသည်။
“အောင်သမာဓိ ဦးအောင်က ရွှေဈေးကစားလို့ ဆိုပြီး ပြည်ထဲရေးက ဝရမ်းထုတ်ထားတယ်လို့ ဓာတ်ပုံနဲ့တကွ တရားဝင် ထုတ်ပြန်ထားတာလို့ပဲ ကျွန်တော်တို့သိရတယ်။ အခု မန္တလေးလေဆိပ်မှာ Passsport သိမ်းပြီး ပြန်လွှတ်ပေးတယ် ဆိုတော့ အစိုးရက ထုတ်ပြန်ထားတဲ့ ဝရမ်းက ရုပ်သိမ်းလိုက်လို့လား။ အဲဒါ မရှင်းဘူး ဖြစ်နေတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့လိုက်ပါမည့် ခရီးသည် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်အား လေဆိပ် လူဝင်မှုကြီးကြပ် ရေး ကောင်တာ၌ စစ်ဆေးပြီးနောက် နိုင်ငံကူးလက်မှတ်ကိုသိမ်းဆည်း၍ နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသတင်းအပေါ် အထက်ပါအတိုင်း မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။
ဦးအောင်ဆန်းဝင်းကို လူဝင်မှုကြီးကြပ်ရေးကောင်တာ၌ စစ်ဆေးမှုခံယူစဉ် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ထားခံရသူ Black List စာရင်း၌ ပါဝင်နေသောကြောင့် နိုင်ငံကူးလက်မှတ်ကိုသိမ်းဆည်း၍ နေအိမ်သို့ ပြန်ပို့သည်မှာမှန်ကန်ကြောင်းလည်း မန္တလေးမြို့ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက MT News ကို အတည်ပြုပြောဆိုထားသည်။
“ဦးအောင်က Black List စာရင်းမှာ ရှိနေလို့ PP (နိုင်ငံကူးလက်မှတ်)ကို သိမ်းတာဟုတ်တယ်။ ရွှေဈေးကစားလို့ သူ့ကို ဘယ်လို အရေးယူခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့မသိဘူး။ အခုကတော့ သူက အဖမ်းခံထားရသူ မဟုတ်တာတော့အမှန်ပါ။ ပြည်ပထွက်မယ်ဆိုရင် ခွင့်ပြုချက်ယူရတယ်ဆိုတာကလည်း သူတို့က ထုတ်ပြန်ခံထားရသူတွေထဲမှာပါလို့ ဖြစ်ပါတယ်” ဟု ယင်းက ပြောပြသည်။
အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း(ခ)ဦးအောင်၊ နိုင်ငံကူး လက်မှတ် (MH……)ကိုင်ဆောင်သူသည် အသက် ၆၁ နှစ်အရွယ်ရှိပြီး မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ယင်းသည် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းလေယာဉ်အမှတ် XY-ALP(E-190) ၊ ခရီးစဉ်အမှတ် 8M-337 (တံတားဦး) ဖြင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့လိုက်ပါရန် လေဆိပ်သို့သွားရောက်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်မေလနောက်ဆုံးပတ်က ကမ္ဘာ့ရွှေဈေးနှုန်းတစ်အောင်စလျှင် ကန်ဒေါ်လာ ၂၃၄၀ ခန့်သာ ရှိသော်လည်းပြည်တွင်းရွှေဈေးနှုန်းအခေါက်တစ်ကျပ်သားလျှင် ကျပ် ၅၈ သိန်းကျော်ထိ မြင့်တက်ခဲ့သည်။ ယင်းနောက် ဇွန်လ ၂ ရက်တွင် စီးပွားရေးမတည်ငြိမ်ဖြစ်စေရန် ဆောင်ရွက်ခဲ့သူ ၂၁ ဦးနှင့် နောက်ကွယ်မှ စေခိုင်းသူ နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊အကယ်ဒမီ အပါအဝင် ရွှေဆိုင်ပိုင်ရှင်များနှင့် ပွဲစား ၁၀ ဦးတို့ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက်ဖမ်းဝရမ်းထုတ်ထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သေးသည်။
အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း(ခ)ဦးအောင်သည် နောက်ကွယ်မှ စေခိုင်းသူ ၁၀ ဦးထဲတွင် ပါ ဝင်ကြောင်း ထုတ်ပြန်ခံထားရသူလည်း ဖြစ်သည်။
ယခုအခါ ပြည်ပကို ထွက်ခွင့်ပိတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံကို အောက်လမ်း(တရားမဝင်လမ်း)က ထွက်ရန်ပြင် ဆင်နေကြောင်းလည်း လူမှုကွန်ရက် အသုံးပြုသူအချို့က ရေးသားနေကြသည်ကိုလည်း တွေ့ရသည်။