November 5, 2024

၄.၁၁.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့အနီးရှိ ပန်းမြောက်တောင်အမြောက်တပ်ကို AA က သိမ်းလိုက်သည်ဆိုခြင်းမှာမဟုတ်မှန်ကြောင်း ဒေသခံများက MT News ကို ပြောဆိုသည်။

“AA က ပန်းမြောက်တောင်က အမြောက်တပ်ကို သိမ်းဖို့ ကြိုးစားနေတာပေါ့လေ။ အဲဒါတော့ ဟုတ်တယ်။ သိမ်းဖို့ သူ တို့က တိုက်နေတာ။ ဒါပေမဲ့ မသိမ်းနိုင်။ လောလောဆယ်က တောင်ကုတ်မြို့ပေါ်နဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာက နီးနေပြီ။တောင်ကုတ်နဲ့ ကိုင်းရှည်ကို ဦးခင်ညွန့်လက်ထက်က ထိုးခဲ့တဲ့ တံတားကိုလည်း AA က ဒရုန်းနဲ့လာပြီးတော့ ပစ်တာ တံတားက အပေါက်တွေ ဖြစ်သွားတယ်။ တံတားမှာက တပ်ဘက်က စောင့်နေတဲ့ လုံခြုံရေးတွေ ရှိတယ်။ အဲဒါကို AA က လာပစ်တာ။ ပန်းမြောက်တောင်က တော်တော်မြင့်တဲ့တောင်။ မိုးရာသီဆိုရင် ပန်းမြောက်တောင်မှာ ရေတံခွန်ရှိတယ်။ သွားလာတဲ့သူတွေ များတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

AA ဘက်လိုက်မီဒီယာများတွင် AA က ပန်းမြောက်တောင်အမြောက်တပ်ကို သိမ်းပိုက်လိုက်သည့်အတွက် တပ်မတော်ဘက်က ဖရိုဖရဲဆုတ်ခွာသွားကြောင်း ရေးသားနေကြသည့်အပေါ် တောင်ကုတ်မြို့ခံက အထက်ပါအတိုင်း ပြောပြခြင်း ဖြစ်သည်။

ထို့အပြင် ယနေ့ နိုဝင်ဘာ ၄ ရက် နံနက်က တောင်ကုတ်မြို့မြောက်ဘက် မီတာ(၂၅၀၀)ခန့်အကွာ တောင်ကုတ်တက္ကသိုလ်အနီး ကာကင်းစခန်းကို AA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်နှင့် မိနစ် (၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပန်းမြောက်တောင် လမ်းခွဲနေရာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား AA အဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်များ ရှိကြောင်း တပ်မတော်သတင်းရင်းမြစ်များက သိရသည်။

ပန်းမြောက်တောင်သည် တောင်ကုတ်မြို့ အရှေ့ဘက် မီတာ ၃၈၀၀ ခန့်အကွာတွင် ရှိသော နေရာဖြစ်ပြီးလက်ရှိတွင် AA အဖွဲ့ကို မြေပြင်၌ ရင်ဆိုင်တိုက်ခိုက် ထိန်းချုပ်နိုင်ကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့ပေါ်တွင် ယနေ့ နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းကစ၍ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတော့ဘဲ မြို့ခံများ အေးအေးဆေးဆေး အနေအထားတွင် ရှိနေကြောင်း၊သို့သော်လည်း ဖုန်းလိုင်းအချို့ ပြတ်တောက်မှု ရှိနေကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့တွင် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅)၊လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၅၄၄) ၊ခမရ(၃၄၆)တို့ရှိနေကြခြင်းဖြစ်ပြီး AA ၏ ထိုးစစ်ကို ခုခံကာကွယ်ရန် အသင့်အနေအထား ရှိနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *