November 5, 2024

၄. ၁၁. ၂၀၂၄
Written by Nyein Kyaw

တာချီလိတ်မြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာတွင် ကျပ် ၃ ဒသမ ၂၃ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ဝ၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ စိုင်းကျိုင်း(ခ)ရဲလမ်း၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရရှာဖွေရာ စိုင်းရီလွတ် နှင့် အိုက်ကောင်တို့ ၂ ဦးအား ဒေသကာလတန်ဖိုးကျပ် ၃ ဒသမ ၂၃ ဘီလျံကျော်ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၀၃၆ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလို၊ အနံ့မှုန့် Vanillin ၇၅ ကီလို၊ အနံ့ဆေးရည် ၃၆၀ လီတာ၊ ISUZU D-MAX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် အိမ်ပိုင်ရှင် စိုင်းကျိုင်း(ခ)ရဲလမ်းနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာနေ အန်းဂျေလိုတို့ ၂ ဦးမှ တာချီလိတ်နယ်စပ်တွင် အရောင်းအဝယ်ပြုလုပ်ရန် သိုဝှက်ထားသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

ထို့ပြင် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိပြီး အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *