၄. ၁၁. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတကာသို့ ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရေးဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင် အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းဆေးပညာကဏ္ဍများတွင် အတူပူးပေါင်းဆောင်ရွက်နေခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ အရည်အသွေးပြည့်ဝစွာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာသို့ ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအစဉ်အလာကြီးမားသည့် ဆေးကျမ်းများနှင့် အာနိသင် ထက်မြတ်သည့် ဆေးဝါးများ စသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၏ အနှစ်သာရ အဆီအနှစ်များကို စုစည်းပြီး အမျိုးသားအမွေအနှစ် ဆေးပညာရပ်တစ်ရပ်အဖြစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဤညီလာခံကြီးမှ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ညီလာခံနှင့် နှီးနှောဖလှယ်ပွဲဆောင်ရွက်ချက် မှတ်တမ်းများကို ယခင်နှစ်များနည်းတူ စနစ်တကျပြုစုပြီး မျိုးဆက်သစ် နောင်လာနောင်သားများအတွက် လက်ဆင့်ကမ်း အသုံးပြုနိုင်ရန် မှတ်တမ်းထားရှိ ထိန်းသိမ်းမှု၌ မှတ်တမ်းများ မပျက်စီးစေဘဲ သားစဉ်မြေးဆက် အသုံးချနိုင်ရေး မူရင်းစာတမ်းများကို စနစ်တကျ ထိန်းသိမ်းရန် လိုသကဲ့သို့ (IT) ခေတ်ဖြစ်၍လည်း မူရင်းစာတမ်းမှ အချက်အလက်များကို စုစည်း၍ Data Base တစ်ခု တည်ဆောက်ပြီး ဝန်ကြီးဌာန၏ Website များ Sever များတွင် ထိန်းသိမ်းရန်လိုအပ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် စာတမ်းပါ ဆေးဝါးများနှင့် ပတ်သက်၍ အများပြည်သူများ အလွယ်တကူ သောက်သုံးနိုင်ရေးကိုလည်း တီထွင်ကြံဆထုတ်လုပ်ရမည်ဖြစ်သကဲ့သို့ ထုတ်လုပ်ပြီး တိုင်းရင်းဆေးဝါးများကိုလည်း မူပိုင်ခွင့်အရ မှတ်တမ်းတင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။