November 5, 2024

◾ လက်ရှိမှာ ပျူဂဝံမြို့​ဟောင်းထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေကိုသာ လုပ်ဆောင်နေရ

၄.၁၁.၂ဝ၂၄
Written by K Pyay Thein

ဧရာဝတီတိုင်းဒေသကြီးရှိ ပျူဂဝံမြို့​ဟောင်းကို ခရီးသွားနေရာအသစ်အဖြစ် ဖော်ဆောင်နေသော်လည်း ယခုကာလမှာ နယ်မြေဒေသအခြေအနေတွေကြောင့် ခရီးသွားဝင်ရောက်မှုနည်းပါးနေပြီး လက်ရှိမှာတော့ ပျူဂဝံမြို့​ဟောင်းထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေကိုသာဆက်လက်လုပ်‌ဆောင်နေတယ်လို့ ပျူဂဝံမြို့​ဟောင်းထိန်းသိမ်းစောင့်ရှောက်ရေး ဆရာ​တော် ဦးပညာသီရိက MT News ကို မိန့်ကြားပါတယ်။

“အခု လက်ရှိကာလမှာ ခရီးသွားဝင်ရောက်မှုတွေ နည်းနေတယ်။ နည်းတယ်ဆိုတာက ဒီဘက်ဒေသတွေကြတော့ ရခိုင်ရိုးမနဲ့ တစ်ဆက်တည်းလေ။ ဒီမြို့ဟောင်းရဲ့ဟိုဘက်ဆိုဒါက ရခိုင်ရိုးမပဲ။ တောကလည်းနက်တယ်။ အဲ့တော့ခရီးသွားတွေက နယ်မြေဒေသအခြေအနေတွေကြောင့်လာရောက်လည်ပတ်တာ နည်းသွားတယ်။ အရင်က ပျူဂဝံမြို့ဟောင်းဒေသကို ခရီးသွားဒေသအဖြစ်ဖော်ဆောင်ဖို့ ပြည်တွင်းခရီးသွားကုမ္ပဏီ ၄ဝ လောက်နဲ့ ဆွေးနွေးထားတာရှိပါတယ်။ အဲ့ဒါတွေလည်း အခုကာလမှာ နည်းနည်းလေး တန့်နေတာပေါ့။ မြို့​ဟောင်းထိန်းသိမ်းစောင့် ရှောက်ရေးကတော့ ဘုန်းဘုန်းတို့ပဲ ဆက်လက်လုပ် ဆောင်နေပါတယ်”လို့ ဆရာ​တော် ဦးပညာသီရိက မိန့်ကြားပါတယ်။

ပျူဂဝံမြို့​ဟောင်းဟာ ဧရာဝတီတိုင်း​ဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့အနီးမှာ တည်ရှိပြီး သမိုင်းတန်ဖိုးကြီးမားတဲ့ ပျူ​ခေတ်လက်ရာ​တွေ ပျူ​ခေတ်သမိုင်း​ကြောင်း​တွေနဲ့ ပြည့်နှက်​နေတဲ့ရှေး​ဟောင်းမြို့​တော်တစ်ခု ဖြစ်တယ်လို့ သမိုင်းသုတေသီတို့က အခိုင်အမာဆိုထားပါတယ်။

“ပျူဂဝံမြို့​ဟောင်းမှာဆိုရင် လေ့လာလည်ပတ်စရာတွေဆို ဆန္ဒပြည့်​​စေတီရှိမယ်။ နတ်​ရေတွင်းရယ်၊ ဂူ​တွေရယ် ဘုရား​​ခြေ​တော်ရာလို့ယူဆရတဲ့ ဘယ်ခြေတော်ရာက ဒီမြို့ဟောင်းမှာရှိတယ်။ ဒီမြို့‌ဟောင်းက​နေ ၄ မိုင်ခွဲ​လောက်အကွာမှာ ​ကျောက်​ခေတ်လူသား​တွေ
နေထိုင်ခဲ့တယ်လို့ ယူဆရတဲ့အမှတ်အသားတွေနဲ့ ​ကျောက်ဖြစ်​ရုပ်ကြွင်းသ‌င်္ကေတတစ်ခုရှိမယ်။ နောက်ပြီးနှစ်ကျိပ်ရှစ်ဆူဘုရားတွေရှိမယ်။ ရှေးမြို့ရိုး​​တွေရှိမယ်”လို့ ဆရာ​တော် ဦးပညာသီရိက ဆက်လက်မိန့်ကြားပါတယ်။

သမိုင်းပညာရှင်တစ်ဦးဖြစ်သူ ဆရာဘုန်းတင့်ကျော်ကတော့ ဒီနေရာကို ပျူမြို့ဟောင်းလို့ အခိုင်အမာပြောဆိုထားပြီ ဘီစီ ၃ ရာစုနဲ့ ၆ ရာစုအတွင်း တကောင်းခေတ်လို့
ခေါ်တွင်သော ပျူခေတ်မှာ ပျူမြို့ ၃၂ မြို့၊ တပ်မြို့ ၉  မြို့၊ မြို့ငယ်ပေါင်း ၂၀၀ ကျော်ရှိတဲ့အနက် ပင်လယ်ပျူမြို့လို့ခေါ်ဆိုသောမြို့ဟာ ဧရာဝတီတိုင်း အတွင်းမှာတည်ရှိခဲ့တာဖြစ်တယ်လို့ သူရဲ့သုတေသနစာတမ်းတစ်ရပ်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။

အဲ့ဒီပျူဂဝံမြို့​ဟောင်းဒေသသို့ သွားရောက်လည်ပတ်လိုပါက ပုသိမ်-မုံရွာကားလမ်းအတိုင်းသွား​ရောက်နိုင်ပြီး ကွင်းကောက်မြို့ မရောက်ခင် (၅)မိုင်အလိုမှာ တောင်ဇင်းရွာတည်ရှိကာ အဲ့ဒီ တောင်ဇင်းရွာကနေ ရခိုင်ရိုးမဘက်ကို လမ်းညွှန်ဆိုင်းဘုတ်အတိုင်း အတွင်းသို့ (၃) မိုင်ခန့်ဝင်သွားပါက ကြပ်ပြင်တောရသာသနာ့နယ်မြေ ရှေးဟောင်းပျူဂဝံမြို့ဟောင်းကို ရောက်ရှိမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဓာတ်ပုံ – ပျူဂဝံမြို့ဟောင်း ဆရာတော်။

Leave a Reply

Your email address will not be published. Required fields are marked *