၄.၁၁. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံ၏ စစ်လေယာဉ်ပိုင်ဆိုင်မှုသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ ထဲတွင် ကမ္ဘာ့အဆင့် ၃၅ နေရာ၌ရှိနေခဲ့ကြောင်း ကမ္ဘာတဝှမ်းရှိနိုင်ငံများ၏ စစ်အင်အားတောင့်တင်းမှုများကို လေ့လာစောင့်ကြည့်ကာ ကမ္ဘာအဆင့်သတ်မှတ်ထုတ်ပြန်ပေးနေသော Global Fire Power ၏ ဖော်ပြချက်များအရ သိရသည်။
၂၀၂၄ ခုနှစ်အတွက်ထုတ်ပြန်ခဲ့သော Global Fire Power အဖွဲ့၏ ဖော်ပြချက်များအရ မြန်မာနိုင်ငံသည် စစ်ဘက်သုံးလေယာဉ်အစီးရေ ၂၉၃ စင်း ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အဆင့် ၃၅ တွင်ရှိနေကာ အာဆီယံနိုင်ငံများတွင် အဆင့် ၃ နေရာ၌ရှိနေကြောင်း သိရသည်။
အာဆီယံဒေသတွင်း နိုင်ငံများအနက် စစ်လေယာဉ်အများဆုံး ပိုင်ဆိုင်ထားသည့်နိုင်ငံများစာရင်းတွင် ထိုင်းနိုင်ငံက ထိပ်ဆုံးတွင်ရှိနေပြီး အင်ဒိုနီးရှားနိုင်ငံက ဒုတိယနေရာတွင် ရပ်တည်နေသည်။ ထိုင်းနိုင်ငံသည် စစ်ဘက်သုံးလေယာဉ် အစီးရေ စုစုပေါင်း ၅၀၁ စင်းရှိနေပြီး အင်ဒိုနီးရှားနိုင်ငံက အစင်းရေစုစုပေါင်း ၄၇၄ စင်းရှိနေသည်။
မြန်မာနိုင်ငံသည် ဂျက်တိုက်လေယာဉ်အစီးရေ ၅၈ စင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၃၁ စင်း၊ စစ်ဘက်သုံးရဟတ် ယာဉ် အစင်း ၈၀ အပါအဝင် စစ်လေယာဉ် စုစုပေါင်းအနည်းဆုံး ၂၉၃ စင်း ပိုင်ဆိုင်ထားကြောင်း သိရသည်။
အာဆီယံဒေသအတွင်းနိုင်ငံများအနက် စင်ကာပူနိုင်ငံက စစ်လေယာဉ်စုစုပေါင်း ၂၄၇ စင်း၊ ဗီယက်နမ်နိုင်ငံက စစ်လေယာဉ်စုစုပေါင်း ၂၂၆ စင်း၊ ဖိလစ်ပိုင်က စစ်လေယာဉ်စုစုပေါင်း ၁၉၅ စင်း ပိုင်ဆိုင်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏အိမ်နီးနိုင်ငံများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်လေယာဉ်စုစုပေါင်း ၂၁၆ စင်း၊ လာအိုနိုင်ငံက စစ်လေယာဉ်စုစုပေါင်း ၃၄ စင်း၊ တရုတ်နိုင်ငံက စစ်လေယာဉ်စုစုပေါင်း ၃၃၀၄ စင်းရှိနေပြီး အိန္ဒိယနိုင်ငံက စစ်လေယာဉ်စုစုပေါင်း ၂၂၉၆ စင်းရှိနေကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွက် စစ်လေယာဉ်အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံများစာရင်းတွင် အမေရိကန်၊ ရုရှားနှင့်တရုတ်နိုင်ငံတို့ရပ်တည်နေပြီး အမေရိကန်နိုင်ငံက စစ်လေယာဉ်စုစုပေါင်း ၁၃၂၀၉ စင်း၊ ရုရှားနိုင်ငံက စစ်လေယာဉ်စုစုပေါင်း ၄၂၅၅ စင်းရှိနေကြောင်း Global Fire Power ၏ဖော်ပြချက်များအရ သိရသည်။
REf , globalfirepower.