November 5, 2024

၄.၁၁.၂ဝ၂၄
Written by K Pyay Thein

ရန်ကုန်တိုင်း၊ ဆင်ခြေဖုံးမြို့နယ်အများစုမှာရှိတဲ့ ဘေးတွဲဆိုင်ကယ်တွေအားလုံးကို အခုနိုဝင်ဘာလဆန်းပိုင်းမှ‌စလို့ အပေါ်အမိုး‌ကိုင်းတွေကိုဖြုတ်ပြီးမှသာ မောင်းနှင်ကြဖို့ သက်ဆိုင်ရာကညွှန်ကြားထားပြီး စည်းကမ်းမလိုက်နာတဲ့ ဘေးတွဲယာဉ်တွေကိုလည်း ဒဏ်ကြေးရိုက်ကာ အရေးယူသွားမယ်လို့ သိရပါတယ်။

“ဘေးတွဲဆိုင်ကယ်တွေအားလုံး အမိုးကိုင်း‌တွေ တပ်ခွင့်မရှိတော့ဘူး။ အခု တအားဖမ်းနေတယ်။ ဒဏ်ကြေးက ၅ သောင်းက‌နေ ၁ သိန်းအထိရှိတယ်။ တချို့‌‌တွေဆို အမိုးကိုင်းတွေမဖြုတ်ချင်လို့ ဒီလိုပဲ ခိုးကြောင်ခိုးဝှက်မောင်းနှင်ကြတဲ့သူတွေရှိတယ်။ ရပ်ကွက်အတွင်းလမ်းတွေမှာ မောင်းရင်တော့ဘာမှ သိပ်ကိစ္စမရှိဘူးပေါ့။ မိန်းလမ်းမကြီးတွေမှာကတော့ သတ်မှတ်စည်းကမ်းမလိုက်ရင် ဖမ်းတာပေါ့။ ဖမ်းတာက နေ့တိုင်းဖမ်းနေတယ်။ စည်းကမ်းမလိုက်နာဘဲ ခဏခဏချိုးဖောက်တဲ့သူတွေဆို ဘေးတွဲကိုပါသိမ်းတယ်။ အမိုးကိုင်းက ယာယီအမိုးဆို ဒဏ်ကြေးကတစ်မျိုး‌ပေးရတယ်။ သံကိုင်းတွေနဲ့ ခိုင်ခိုင်မာမာလုပ်ထားတဲ့အမိုးဆိုရင်‌ ဒဏ်ကြေးကတစ်မျိုးပါ”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ဘေးတွဲအနှေးယာဉ်မောင်းနှင်သူတစ်ဦးက MT News ကို ပြောပါတယ်။

ရန်ကုန်တိုင်းရဲ့ မြို့နယ်အများစုမှာတော့ ဘေးတွဲဆိုင်ကယ်တွေရဲ့ အမိုးကိုင်းတပ်ဆင်မောင်းနှင်ခြင်းတွေကို ယခုနှစ်၊ နှစ်လယ်ပိုင်းကစလို့ တားမြစ်ထားခဲ့တာဖြစ်ပြီး အရေးယူမှုတွေကိုလည်း ထိထိရောက်ရောက်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“သန်လျင်မှာဆို ဘေးတွဲတွေ အမိုးတပ်ခွင့်မရှိတာ အတော်ကြာပြီ။ ကျွန်တော်တို့ကြားတာက ဟိုတလောတုန်းက သာကေတမှာ ဘေးတွဲနဲ့ မီးသတ်ကား ငြိကြတယ်ပြောတယ်။ ဘေးတွဲတွေကလည်း လမ်းကြို၊ လမ်းကြား‌တွေကအစ အတင်းဝင်၊ အတင်းထွက်လေ။ အဲ့ဒီထဲက အမိုးကိုင်းတွေဖြုတ်ခိုင်းလိုက်တယ်ပြောတယ်။ အဲ့လိုတော့ကြားပါတယ်။ နောက်ပြီး တချို့မြို့နယ်တွေမှာ ဘေးတွဲတွေက တော်တော်လေး စည်းပျက်၊ ကမ်းပျက်တွေဖြစ်နေတယ်။ ဒါကိုလည်း သက်ဆိုင်ရာက သေချာလေးစည်းကမ်းပိုင်းဆိုင်ရာတွေကို ကြပ်မတ်ပေးဖို့လိုပါတယ်”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက သူရဲ့အမြင်ကို ထပ်လောင်းပြောပြခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးမြို့နယ်‌တွေမှာ ယခင်အနှေးယာဉ်လို့ခေါ်တဲ့ ခြေဖြင့်နင်းရတဲ့လူစီးဆိုက်က္ကားတွေနေရာမှာ စက်တပ်ဆင်ထားတဲ့ ဆိုင်ကယ်ဘေးတွဲယာဉ်တွေ အစားထိုးဝင်ရောက်လာပြီး အနှေးယာဉ်အဖြစ် ခရီးတိုသယ်ယူပို့ဆောင်ရေးတွေကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အဲ့ဒီဘေးတွဲယာဉ်တွေကြောင့် ယာဉ်မတော်တဆမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

#ဆိုင်ကယ် #ဘေးတွဲအနှေးယာဉ် #အပေါ်အမိုးကိုင်း #ရန်ကုန်မြို့ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *