November 5, 2024

◾ ကားနှစ်စီးမီးလောင်မှုကြောင့် တာဝန်ခံကို အမှုဖွင့်စစ်ဆေးနေ

၄.၁၁.၂၀၂၄
Written by KL

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်းပေါ်ရှိ ကံကော်မြိုင် ဂက်စ်မီးဖိုအရောင်းဆိုင်ရှေ့တွင် နိုဝင်ဘာ ၃ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ကားနှစ်စီးမီးလောင်မှုမှာ ကားစက်နှိုးထားစဥ် ဘတ္ထရီခေါင်း Lose ဖြစ်၍ အပူဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ မိနစ်၂၀ ကြာလောင်ကျွမ်းခဲ့ပြီး ဂက်စ် ၄၀ လီတာအိုး အလုံး ၂၀တင်ထားသော NISSAN အမျိုးအစား အဖြူရောင်ဒိုင်နာယာဥ်နှင့် TOYOTA VITZ အမျိုးအစားကိုယ်ပိုင်ယာဥ်တို့ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကားကူရှင်များ၊ တာယာများနှင့် ဂက်စ်အိုးများတင်ထားသော ကားဆီတိုင်ကီ၊ ကားဘော်ဒီနှင့် တာယာ ၄ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်တွင် ယာဥ်​ပေါ်မှဂက်စ်အိုးများကို မီးသတ်တပ်ဖွဲ့ဝင်များက ရေဖြန်း၍ အအေးပေးနေစဥ် သံတိုသံစလွင့်စင်၍ ရေသယ်ယာဥ်တစ်စီးကို ထိမိရာမှ ရှေ့လေကာမှန်ကွဲ​ခြင်းနှင့် ကားတံခါးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၅ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၂၀ အရွယ် တာဝန်ခံ ဦးဖြိုးသူဟိန်းကို လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *