November 5, 2024

၄.၁၁.၂၀၂၄
Written By Zun

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ပတ္တမြားဆီဆိုင်အနီးရှိ စုံတောမြိုင်(၂)လမ်းမပေါ်တွင် မွေးကင်းစကလေးငယ်တစ်ဦးကို စွန့်ပစ်ထားသောကြောင့် သွားရောက်ကြည့်ရှုကြစဉ် ကလေးမှာ သေဆုံးနေပြီဖြစ်ကြောင်း ပရဟိတလုပ် ကိုင်သူ ကိုအောင်ထွန်းလင်း (ခ)ကိုဘီဝမ်းက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီခန့်က အဆိုပါ မွေးကင်းစကလေးငယ်ကို ပတ်ဝန်းကျင်နေထိုင်သူများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂ ရက် ညည့်နက်ချိန်တွင် လာရောက်စွန့်ပစ်ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြကြောင်း သိရသည်။

အဆိုပါမွေးကင်းစကလေးငယ်ရုပ်အလောင်းတွေ့ရှိသည့် ဖြစ်စဉ်ကို ရပ်ကွက်တာဝန်ရှိသူများအား အကြောင်းကြား၍ ယမန်နေ့ နိုဝင်ဘာလ ၃ ရက်က သင်္ဂြိုဟ်ပေးခဲ့ကြကြောင်း ကိုဘီဝမ်း၏ ပြောပြချက်အရ သိရသည်။

“ပတ်ဝန်းကျင်နေထိုင်သူတွေက သွားရောက်ကြည့်ရှုတဲ့အခါ ကလေးလေးက အသက်မရှိတော့ပါဘူး။ ခန့်မှန်းခြေ ညဖက် လူခြေတိတ်ချိန်လောက်က လာပစ်ထားတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်။ ပတ်ဝန်းကျင်တွေကပဲ လလေးလေးကို ကောင်းကောင်းမွန်မွန်မြေမြှုပ်ပေးလိုက်ကြပါတယ်”ဟု ကိုဘီဝမ်းက MT News ကို ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးမွေးပြီး တာဝန်မယူနိုင်သူများအနေဖြင့် ကလေးငယ်များကို ၎င်း၏ နေအိမ်ရှေ့တွင် လာရောက်စွန့်ပစ်ကြရန်လည်း ကိုဘီဝမ်းက ပြောပြသည်။

“ခါတိုင်းဆိုရင် ကလေးမွေးပြီးလို့ မလိုချင်ဘူးဆိုရင်တော့ ကျွန်တော့်ဆီကို လာပေးတယ်။ ချမ်းသာတဲ့သူတွေ လက်ထဲကို ထည့်ပေးပါဆိုပြီးတော့။ ကျွန်တော်က ကလေးအမေကို မုန့်ဖိုး ၃ သိန်း၊ ၅ သိန်းပေါ့နော် ပြန်တောင်းပေးတယ်။ အခုက ကလေးကိုစွန့်ပစ်တာ၊ ကျွန်တော်နဲ့ မချိတ်ဆက်မိလို့ ဖြစ်မှာပေါ့။ ၁၀ ယောက်၊ ၁၅ ယောက် လောက်ရှိပြီ ကျွန်တော် အဲလိုလုပ်ပေးရတာ။ နောက်ဆိုရင် ကျွန်တော့်အိမ်ရှေ့မှာ လာပစ်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု ယင်းက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *