၄.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ကနေဒါနိုင်ငံရဲ့ ဘရမ့်တန်(Brampton) နဲ့ ဆာရီ(Surrey) မြို့တွေမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ အမျိုးသမီးတွေနဲ့ ကလေးတွေကို တုတ်ချောင်းတွေနဲ့ ဝင်ရောက် ရိုက်နှက်တိုက်ခိုက်တဲ့ ဗီဒီယိုတွေ အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီလိုဝင်ရောက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး မကြာမီမှာဘဲ ကနေဒါရှိ ဟိန္ဒူလူ့အဖွဲ့အစည်းအတွက် အကျိုးအမြတ်မယူဘဲဆောင်ရွက်ပေးနေတဲ့ ဟိန္ဒူ-ကနေဒါ ဖောင်ဒေးရှင်းက အဆိုပါတိုက်ခိုက်မှု ဗီဒီယိုကို အွန်လိုင်းမှာရယူဖော်ပြခဲ့ပြီး အိန္ဒိယနိုင်ငံမှ ခါလစ်စတန်ပြည်နယ် ခွဲထွက်ရေးအကြမ်းဖက်သမားတွေက အခုလို အမျိုးသမီးတွေနဲ့ ကလေးတွေကို အကြမ်း ဖက်တိုက်ခိုက်မှုကိုပြုခဲ့တယ်လို့ ပြောခဲ့ပါ တယ်။ ဒါ့အပြင် ဟိန္ဒူ-ကနေဒါ ဖောင်ဒေးရှင်းက ကနေဒါအစိုးရအနေနဲ့ ဟိန္ဒူဘာသာဝင်တွေကို ကာကွယ်စောင့်ရှောက်မှုမပြုလုပ်နိုင်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေမျိုး ပြီးခဲ့တဲ့နှစ်တွေထဲကလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါက ကနေဒါနိုင်ငံမှာ ဘာသာရေးအားဖြင့် အထူးသဖြင့်ဟိန္ဒူဘာသာဝင်တွေကို လက်မခံမှုကို ပြသနေတာပဲလို့လည်းဆိုရမှာပါ။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒေါကတော့ ခါလစ်စတန် တို့ရဲ့ အခုလိုတိုက်ခိုက်မှုကို နိုဝင်ဘာလ ၄ ရက်မှာ ပြင်းပြင်း ထန်ထန် ရှုတ်ချပြောကြားခဲ့ပါတယ်။ ထရူးဒေါက ကနေဒါနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ကို အလေးထားရမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သူက အခုလို ဟိန္ဒူဘုရားကျောင်းတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုကို လုံးဝလက်မခံနိုင်ကြောင်းနဲ့ ကနေဒါနိုင်ငံသားတိုင်းဟာ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာနဲ့ လုံခြုံစွာ ကိုးကွယ်ကျင့်သုံးနိုင်ရမယ်လို့လည်း ထပ်မံပြောခဲ့ပါတယ်။
အတိုက်အခံတွေကတော့ ကနေဒါနိုင်ငံဟာ အစွန်းရောက်တွေခိုလှုံရာနေရာဖြစ်လာနေပြီး နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ ဟိန္ဒူလူ့အဖွဲ့အစည်းကို မကာကွယ်နိုင်သလို ခရစ်ယာန်နဲ့ ကနေဒါနိုင်ငံသား ဂျူးတွေကိုလည်း ကာကွယ်စောင့်ရှောက်မှု မလုပ်ပေးနိုင်ဘူးလို့ပြောရင်း အစိုးရကို အပြစ်တင်သွားခဲ့ပါတယ်။
အိန္ဒိယအစိုးရကလည်း ဟိန္ဒူဘာသာဝင်တွေကို ခုလို အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ကနေဒါအာဏာပိုင်တွေကို ဒီလိုဖြစ်ရပ်တွေအတွက် တင်းကြပ်တဲ့လုံခြုံရေးစောင့်ရှောက်မှုတွေပြုပေးဖို့ တောင်းဆိုထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref- Hindustan Times