၄. ၁၁. ၂၀၂၄
Written by Nay Moe
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကမှ ရေတွင်းကုန်းကျေးရွာက ရာအိမ်မှူးကို သတင်းပေးလို့ စွပ်စွဲပြီး သတ်ဖြတ်ထားတဲ့ သာယာဝတီ PDF အဖွဲ့ဟာ ပျဥ်ပုံရွာက အမျိုးသားတစ်ဦးနဲ့ သူ့မိသားစုဝင်အားလုံးကို ပျူစောထီးလို့စွပ်စွဲပြီး ထပ်မံသတ်ဖြတ်ထားတယ်လို့ ကျူးလွန်တဲ့ PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းအတွင်းမှာ ကျက်စားနေတဲ့ NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃၈ဝ၁၊ တပ်ခွဲ -၂၊ (Phoenix DF) က PDF တွေဟာ နိုဝင်ဘာ ၁ ရက် မနက ၆ နာရီ ၄၅ မိနစ်ခန့်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ စောင်းဝှက်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာက ရာအိမ်မှူးဦးဇော်ကြီးကို ပျူစောထီးခေါင်းဆောင်လို့ စွပ်စွဲပြီး နေအိမ်မှာတင် ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ ဒါ့အပြင် ရာအိမ်မှူးဦးဇော်ကြီးရဲ့ ဆိုင်ကယ်တစ်စီးကိုလည်း လုယက်ခဲ့တယ်လို့ ကျုးလွန်တဲ့အဖွဲ့ရဲ့ ဝန်ခံချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂ ရက် မနက်ခင်းမှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပျဉ်ပုံရွာက ဦးချစ်ပိုဆိုသူကို သတင်းပေး၊ ပျူစောထီးလို့ သတ်မှတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင်၊ အမှတ်(၁) တပ်ရင်း (P23801)၊ တပ်ခွဲ-၂(Phoenix DF) က PDF တွေကပဲ ဖမ်းဆီးခေါ်ဆောင်လာချိန် ထွက်ပြေးတယ်လို့ အကြောင်းပြပြီး ပစ်သတ်လိုက်ကြတာပါ။
အဲဒါအပြင် ဦးချစ်ပိုရဲ့ မိသားစုဝင်အားလုံးဟာ စစ်၊ ရဲနဲ့ ပျူစောထီးတွေ ဖြစ်နေတယ်လို့ စစ်ဆေးသိရတယ်ဆိုပြီး နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီခွဲ အချိန်မှာပဲ ထပ်မံဖမ်းဆီးလာချိန် ထွက်ပြေးတယ်လို့ အကြောင်းပြပြီး ဦးချစ်ပိုရဲ့ မိသားစုဝင်အားလုံးကိုပါ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် သာယာဝတီခရိုင်၊ အမှတ်(၁) တပ်ရင်း-၃၈၀၁၊ တပ်ခွဲ-၂ (Phoenix DF) က PDF တွေကပဲ အဲဒီနေ့ ည ၇ နာရီ အချိန်မှာ ထပ်မံ စ်သတ်လိုက်ကြပြန်တာပါ။
ပျဥ်ပုံရွာကို PDF တွေက ပျူစောထီးရွာလို့ သတ်မှတ်ထားကြတာဖြစ်ပြီး ဦးချစ်ပိုနဲ့ သူ့မိသားစုဝင်အကုန်လုံးကို သတ်လိုက်တယ်လို့ ကျူးလွန်တဲ့ Phoenix DF အဖွဲ့က ဝန်ခံထားပေမဲ့လည်း ကျားမ၊ အသက်အရွယ်နဲ့ လူအရေအတွက်ဘယ်လောက်ကို သတ်ဖြတ်လိုက်တယ်ဆိုတာကိုတော့ ဖော်ပြထားမှု မရှိပါဘူး။