November 5, 2024

◾ ဒီခရီးစဉ်ဟာ တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ ခေတ်သစ်ဆက်ဆံရေးကို အစပျိုးခြင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေသုံးသပ်

၄.၁၁.၂ဝ၂၄
Written by K Pyay Thein

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မကြာမီရက်ပိုင်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီနေ့ နိုဝင်ဘာ ၄ ရက်မှာ တရားဝင်ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နစက ဥက္ကဋ္ဌအနေနဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ စီးပွားဆိုင်ရာအစည်းအဝေးတွေကိုလည်း တက်ရောက်ဖို့ရှိနေပြီး အခုခရီးစဉ်ဟာ တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ ခေတ်သစ်ဆက်ဆံရေးကို အစပျိုးလိုက်ခြင်းဖြစ်တယ်လို့ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ထားကြပါတယ်။

“တရုတ်-မြန်မာဆက်ဆံရေးကို သုံးသပ်ရရင် ဒါကခေတ်သစ်ဆက်ဆံရေးကို နှစ်နိုင်ငံလုံးက အစပျိုးလိုက်ခြင်းဖြစ်တယ်လို့ ယူဆပါတယ်။ မြန်မာအစိုးရခေါင်းဆောင်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်ကိုချစ်ကြည်‌ရေးခရီးသွားမယ်ဆိုတာ ပြီးခဲ့တဲ့လပိုင်းတွေထဲက သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်နေတာဖြစ်တယ်။ အဲ့ဒီအပေါ်မှာ သုံးသပ်မှုတွေကလည်းအမျိုးမျိုးရှိနေတယ်။ ဒီခရီးစဉ်က တရုတ်နိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာကိုလာပြီးတဲ့နောက်မှာ နစက ဥက္ကဋ္ဌရဲ့ ပထမဦးဆုံးတရုတ်ပြည်ခရီးစဉ်လည်းဖြစ်ပါတယ်။ ဒီခရီးစဉ်က ထူးခြားမှုတွေရှိနိုင်သလို တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးအတွက်လည်း ကောင်းသောလက္ခဏာလို့ သုံးသပ်လို့ရပါတယ်။ တရုတ်- မြန်မာဆိုတာက အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ နယ်နမိတ်တွေများစွာ ထိစပ်နေတယ်။ ဒါ‌ကြောင့် Win Win Theory အရ အတူတူလက်တွဲလုပ်ကိုင်ကြနိုင်မှသာ အာဆီယံ အပါအဝင် အာရှတိုက်ကြီးဟာ ငြိမ်းချမ်းစွာနဲ့တည်ရှိမှာဖြစ်ပါတယ်။တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးဟာလည်း အောင်မြင်လာမှာဖြစ်ပါတယ်။ အခုအချိန်မှာ ပြည်တွင်း‌ရေးကိစ္စရပ်တွေကလည်းရှိနေတော့ အခု နစက ဥက္ကဋ္ဌ သွားရောက်မယ့် တရုတ်ပြည်ခရီးစဉ်မှာ ဘာတွေထူးခြားမှုရှိလာမလဲဆိုတာက စိတ်ဝင်တစားနဲ့ ဆက်လက်စောင့်ကြည့်ရမှာပါ”လို့ ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သလို ဝါရင့်သတင်းစာ ဆရာတစ်ဉီးဖြစ်တဲ့ ကိုကျော်ကျော်မြင့်(ဓာတု)က MT News ကို သုံးသပ်ပြောပြပါတယ်။

နစက ဥက္ကဋ္ဌရဲ့ ခရီးစဉ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း နိုဝင်ဘာ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကူမင်းမြို့မှာကျင်းပပြုလုပ်မယ့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်း အဝေး 8th Greater Mekong Subregion (GMS)နဲ့ (၁ဝ)ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးတို့ကိုလည်း ပါဝင်တက်ရောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပြီး နှစ်နိုင်ငံအစိုးရနဲ့ပြည်သူများအကြား ချစ်ကြည်ရေး၊စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေကို ပိုမိုတိုးတက် ခိုင်မာအောင်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

ပုံစာ – ယခုနှစ်ပိုင်းအတွင်း လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့မှုမြင်ကွင်း။

#နစကဥက္ကဌ #တရုတ်ပြည်ခရီးစဉ် #အာဆီယံထိပ်သီးအစည်းအဝေး #တရုတ်_မြန်မာချစ်ကြည်ရေး #ကူမင်းမြို့ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *