၄ .၁၁.၂၀၂၄
Written by Hey Mar
အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ(ဆွဲကြိုးချ) သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့မနက်အစောပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ မြေပြင်လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
သေဆုံးသူ လူငယ်က မူးယစ်ဆေး၊ ဂိမ်း စတဲ့ ပြဿနာတွေကြောင့်မဟုတ်ဘဲ၊ မိသားစုအတွင်း အဖေ၊ အမေက သူ့ထက် သူ့အောက်က အငယ်ကို ပိုချစ်တယ်လို့ ခံစားရတာကြောင့် ဆိုတဲ့ သူရေးသားထားတဲ့ မှတ်စုစာရွက် အချက်အလက်တွေကို စစ်ဆေးတွေ့ရှိတဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။ မောင်နှမ နှစ်ဦးတည်းရှိတဲ့ တစ်ဦးတည်းသော သားဖြစ်သူ အဆိုပါ သေဆုံးသူလူငယ်ဟာ ပညာရေးလည်း ထူးချွန်တာကြောင့် မိသားစု မျှော်မှန်းချက်ထားရတဲ့ လူငယ်တစ်ဦးလို့လည်း မိသားစုဝင်နဲ့ နီးစပ်သူ တချို့က ပြောပြပါတယ်။
အဆိုပါ သေဆုံးလူငယ် (၉) တန်းကျောင်းသားကို လိုအပ်တဲ့ ဆေးစစ်ချက်တွေ ရယူနိုင်ဖို့အတွက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနဆီ မြေပြင်လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့ပြီး အဲဒီကနေတစ်ဆင့် ရင်ခွဲရုံဆီ ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း မကွေးမြို့မှာပဲ ဧရာဝတီမြစ်ထဲ ဆင်းကာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ပါသေးတယ်။