၄. ၁၁. ၂၀၂၄
Written by Nay Moe
PDF တွေကို စိန်ခေါ်ပြီး လောင်းကစားဝိုင်းပါပြုလုပ်နေသူလို့ စွပ်စွဲကာ မတောင့်တရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အုတ်ဖို PDF အဖွဲ့က ဝင်ရောက်ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ကျုးလွန်တဲ့ NUG လက်အောက်ခံအဖွဲ့က ဝန်ခံထားပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အနီးမှာ မတောင့်တရွာအုပ်ချုပ်ရေးမှူးဦးအောင်မင်းထက်တို့ လူစုကို နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီခွဲခန််မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF တွေက ဝင်ရောက်စီးနင်းပြီး အဲဒီစီးနင်းမှုမှာ ဦးအောင်မင်းထက်ကို ပျူခေါင်းဆောင် (ပြည်သူ့စစ်) လို့ စွပ်စွဲထားသလို လောင်းကစားဝိုင်းပြုလုပ်နေတယ်ပြောထားပေမဲ့လည်း PDF တွေ ထုတ်ပြန်တဲ့ပုံမှာတော့ လောင်းကစားဝိုင်းနဲ့ပတ်သက်တာ တစ်စိုးတစ်စိမှ မမြင်ရပါဘူး။
လက်နက်လူသူအင်အားအများအပြားနဲ့ PDF တွေက မတောင့်တရွာထဲဝင်ရောက်တိုက်ခိုက်တာကြောင့် လူအများအပြားထွက်ပြေးသွားပေမဲ့ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းထက်ကို ဖမ်းမိလိုက်တာကြောင့် ဦးခေါင်းကို သေနတ်ကျည်(၁)ချက်နဲ့ တေ့ပြီး ပစ်ခတ် သတ်ဖြတ်လိုက်ကြပါတယ်။ ဒီသတ်ဖြတ်မှုအပြီးမှာ လက်ပစ်ဗုံး(၁)လုံး၊ ဓားမြောင်(၂)လက်၊ ငွေသား(၅၀၀၀၀)ကျပ်နဲ့ ခါးပတ် အိတ်(၁)ခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြောပေမဲ့ ဘယ်သူ့ဆီကရတယ်ဆိုတာလည်း ဖော်ပြထားမှု မရှိပါဘူး။
ဒါ့အပြင် အုပ်ချုပ်ရေးမှူး ဦးအောင်မင်းထက်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အုပ်ချုပ်ရေးမှူးဟောင်းဦး သက်တင် တူအရင်းဖြစ်တာ၊ PDF တွေကို စိန်ခေါ်တာ၊ ပြည်သူတွေကို အတင်းအဓမ္မ ငွေကြေးကောက်ခံတာ၊ သန်းခေါင်စာရင်းကောက်ယူရာမှာ ဦးဆောင်ပါဝင်တာ၊ PDF တွေရဲ့ အချက်အလက်ကို တပ်မတော်ဆီပေးပို့တာ၊ ဒေသခံလူငယ်တွေ စည်းရုံးပြီး စစ်မှုထမ်းစေတာ၊ ပျူစောထီးအဖွဲ့ ဖွဲ့စည်းပြီး ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေတာကြောင့် အခုလိုသတ်ဖြတ်လိုက်တာလို့လည်း ထပ်မံစွပ်စွဲဖော်ပြထားပေမဲ့ သတ်ဖြတ်တဲ့ အုတ်ဖို PDF တွေက မှန်ကန်တဲ့သက်သေပြမထားသလို MT News ကလည်း အတည်မပြုနိုင်ဘဲ NUG လက်အောက်ခံ PDF အဖွဲ့ရဲ့ ကျုးလွန်မှုကိုသာ သူတို့ဝန်ခံချက်အရ အတည်ပြုဖော်ပြတာဖြစ်ပါတယ်။
ပုံစာ။ အုတ်ဖို PDF ဝန်ခံချက်နှင့် ဦးအောင်မင်းထက်ကို သတ်ဖြတ်ထားမှုမြင်ကွင်း။