၃.၁၁.၂၀၂၄
Written by Hey Mar
ရွှေအရောင်းအဝယ်ပြုမှုကို ထောင်သုံးနှစ်အထိ ချမှတ်အရေးယူနိုင်မဲ့ အ သတ်မှတ်အပြီးမှာ ဒီကြပ်မတ်မှုကို ကျော်လွှားနိုင်ဖို့ ရွှေဆိုင်တွေက ရွှေရောင်းချမှုပြုလုပ်ရာမှာ ပန်းတိမ်အပ်ထည်သဖွယ် စာရွက်အလွတ်နဲ့ ဝိနည်းလွတ်ရောင်းချမှုကို ကျင့်သုံးလာနေကြပြန်ပြီလို့ သိရပါတယ်။
ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားပြီး ကြော်ငြာအားကောင်းတဲ့ ရွေဆိုင်ကြီး တစ်ဆိုင်ကနေ ရွှေနှစ်ကျပ်သားကျော် ဝယ်ယူခဲ့ပေမယ့် ရွှေဆိုင်နာမည်နဲ့ ဘောင်ချာမရရှိဘဲ စက္ကူဖြူတစ်ရွက်ပေါ်မှာ ဝယ်သူနာမည်၊ ဖုန်းနံပါတ်၊ ရွှေအလေးချိန်နဲ့ အစိုးရ ပေါက်ဈေးကို ရေးပေးကာ၊ ၎င်းတို့ဆိုင်မှာ ပန်းတိမ်အပ်ထည်အသိအမှတ်ပြု စာရွက်အဖြစ် ဝယ်ယူသူကိုပေးကြောင်း ဒါမျိုး ရွှေဆိုင်တိုင်း လိုလိုမှာ ဖြစ်နေတာကြောင့် လက်ဝါးချင်းရိုက် ညှိနှိုင်းလုပ်ဆောင်နေဖွယ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အပိုင်ကနေ၊ ရန်ကုန်မြို့၊ လသာမြို့နယ်မှာ ရွှေဆွဲကြိုးလာရောက်ဝယ်ယူခဲ့သူတစ်ဦးက MT News ကို သူ့အဖြစ်အပျက်ကို ပြောပြပါတယ်။
သူက “ရွှေဆိုင်တွေ အကုန်လုံးက ဘောင်ချာမှာ မရေးတော့ဘူး။ ဘယ်လိုလုပ်လဲဆိုတော့ ရိုးရိုးစာရွက်ပေါ်မှာပဲ ယနေ့ရွှေဈေး နောက်ပြီး ဝယ်တယ်ဆိုတဲ့ အသုံးအ နှုန်းကိုမရေးတော့ဘဲ ရွှေနှစ်ကျပ်သား၊ ပြီးတော့ ပိုက်ဆံအမောင့်လည်း မရေးတော့ဘဲ သူတို့ ပန်းတိမ်မှာ လာအပ်ပါတယ်။ ပန်းတိမ်အပ်ထည်ဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ ဆိုင်နာမည်လည်း မပါ၊ ဝယ်တဲ့ဈေးလည်းမပါတော့ဘဲ အဲဒီလိုကြီး ရေးထားတဲ့ စာရွက်တစ်ရွက် ထုတ်ပေးတယ်။ နည်းနည်းစုံစမ်းကြည့်တော့ ဆိုင်တွေက ညှိပြီး လုပ်ထားကြတာ။ အဲဒီတော့ အစိုးရနဲ့ သူတို့နဲ့ကြားမှာ သိသိကြီးနဲ့ မျက်စိမှိတ်ပေးထားတာလား။ အဲ့ဒါဆို ပြန်ရောင်းတဲ့အခါကြတော့ရော မေးတော့ ပြန်ရောင်းတဲ့အခါကြ ဒီမှာ အလေးချိန်ပါတယ်။ ပိုက်ဆံက သိစရာ မလိုဘူး။ ဒီအလေးအချိန်အတိုင်း ဝယ်ပေးမယ်ဆိုပြီးပြောတယ်။ ဒီစက္ကူပြလို့ သူတို့ဆိုင်က ဝယ်သွားတာ မဟုတ်ဘူးငြင်းရင် ဘယ်လို လုပ်ရမလဲဆိုတော့ စိတ်မပူနဲ့ သူ့အမှတ်သားနဲ့ သူရှိတယ်ဆိုပြီး ပြောလိုက်တယ်။ သက်သေကို လိုချင်လို့ သိန်း လေးဆယ်နီးပါးရှုံးမှာသိရက်နဲ့ ဝယ်လာတယ်။ ကျွန်တော်မကြာခင်ပြန်ရောင်းမယ်။ ဒါစီးပွားရေးမှာ နားလှည့်ပါးရိုက် လုပ်တာ” လို့ ပြောပါတယ်။
သူရွှေဝယ်ယူခဲ့ချိန် အစိုးရ သတ်မှတ်ရည်ညွန်းဈေးက ဆယ့်ခြောက်ပဲရည် တစ်ကျပ်သားကို ငါးဆယ့် သုံးသိန်း ငါးသောင်း ရှစ်ထောင့် တစ်ရာ တစ်ဆယ့်ရှစ်ကျပ် ရည်ညွှန်းဈေးနဲ့ ဆယ့်ငါးပဲရည် ရွှေဆွဲကြိုး နှစ်ကုံးပေါင်းအလေးချိန် နှစ်ကျပ် ရှစ်ပဲ သုံးရွေး နဲ့ ရှစ်ပွိုင့်ကို ဝယ်ယူခဲ့တာပါ။
ရွှေအကြောင်းတတ်ကျွမ်းနားလည်ပြီး အရောင်း အဝယ် လုပ်ငန်းလည်း လုပ်ကိုင်နေသူတစ်ဦးက “သူ့ရွှေကို ဆယ့်ငါးပဲရည်ဈေးနဲ့ဆိုရင် တစ်ကျပ်သားကို ကျပ် သိန်းငါးဆယ်နဲ့ နှစ်သောင်းသုံးထောင် နှစ်ရာ သုံးဆယ့်ငါးကျပ်ပဲ ကျရမှာပေါ့နော်။ ဝယ်ယူတဲ့ရွှေအလေးချိန်အတိုင်းတွက်ကြည့်လိုက်တဲ့အခါကြတော့ တစ်ရာနှစ်ဆယ့်ခုနစ်သိန်း ခုနစ်ထောင် နှစ်ရာနဲ့ လေးကျပ် ကျတယ်။ ဆိုင်ကယူလိုက်တဲ့ငွေက ၁၆၂ သိန်း ခုနစ်သောင်းခြောက်ထောင် ဆိုတော့ ၃၆ သိန်းလောက်ကို ပိုငွေဖြစ်နေတာပေါ့နော်။ ဒါက အလျော့တွက်လက်ခကို ယူတာလား။ ရွှေဈေးနှစ်မျိုးဖြစ်နေတာလားဆိုတာက ဝယ်သူက အဓိက သိရမှာပေါ့ ” လို့ ရှင်းပြပါတယ်။
လတ်တလောမှာ ဒေါ်လာဈေး ကျဆင်းနေပြီး ကျပ်ငွေဈေး ပြန်မာလာသလို ဒေါ်လာဈေးကျတဲ့အတွက် ကမ္ဘာ့ရွှေဈေးကလည်း ကျဆင်းနေပါတယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးနဲ့ ချိန်ညှိပြီး ဈေးသတ်မှတ်တဲ့ မြန်မာ့ရွှေဈေးကလည်း ကျဆင်းလာရမှာ ဖြစ်ပေမယ့် ဝိသမလောဘသားတွေရဲ့ ရွှေနဲ့ ဒေါ်လာ ဈေးကစားမှုတွေကြား မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းဈေးက ဟန်ပြသာ ဖြစ်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၅ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့က ရွှေအရောင်းအဝယ်ကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုအဖြစ် ဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (ဂ)အရ သတ်မှတ်ခဲ့ပြီး ဥပဒေပါ အချက်အလက်တွေအတိုင်းမလိုက်နာပါက အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။
ရွှေအကြောင်းတတ်ကျွမ်းနားလည်ပြီး လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက “ငွေကျပ် သုံးဆယ့်ခြောက်သိန်းကျော်ဆိုတာ ရွှေရဲ့ ၉ ပဲကျော်လောက်ဈေး ဖြစ်နေပြီ။ အလျော့တွက်ကို အဲ့လောက်ယူရင်လည်း ဒါက တိုင်ကြားလို့ရပါတယ်။ ပြန်ရောင်းမယ်ဆိုရင် ဝယ်သူက သေချာပေါက်ရှုံးမှာ။ သူတို့ပိုယူထားတဲ့ ပိုက်ဆံသည် သေချာပေါက် ရှုံးမယ့် ပိုက်ဆံလိုဖြစ်နေတာ။ အစိုးရအနေနဲ့လည်း ဒါ ကိုယ်ထုတ်တဲ့ ဥပဒေကို ဘယ်လို ထိန်းကျောင်းမလဲပေါ့။ ဒီလို လက်တစ်လုံး ခြား အခြေအနေတွေကို သိအောင်လုပ်နိုင်တဲ့ အခြေအနေတွေ အများကြီးပဲရှိတာပဲ။ နောက်တစ်ခုက မှန်ကန်တဲ့ဝယ်သူတွေ အနေနဲ့လည်း ဒါမျိုးအခြေအနေမှာ မဝယ်ကြဖို့ အကြံပြုချင်ပါတယ်” လို့ MT News ကို ပြောပါတယ်။