၃.၁၁. ၂၀၂၄
Written by Shwe Phyo
လူမည်းအမျိုးသမီးတစ်ဦးဖြစ်သည့် ကီမီ ဘာဒန်နော့သည် ဗြိတိန်နိုင်ငံ၏ နာမည်ကျော် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် အသစ်ရွေးချယ်ပွဲတွင်အနိုင်ရခဲ့ပြီး ပါတီခေါင်းဆောင်အသစ် ဖြစ်လာခဲ့ကြောင်း သိရသည်။
ကွန်ဆာဗေးတစ်ပါတီသည် ပြီးခဲ့သော ဇူလိုင်လအတွင်းကျင်းပသော ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီ၏အခြေခံမူဝါဒများကို ပြန်လည်ပြုပြင်ပြောင်းလဲမည်ဖြစ်သလို ပါတီကို ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရအောင် ကြိုးပမ်းသွားမည်ဟု ကတိပြုထားသည်။
လက်ရှိ အနိုင်ရသူ အသက် ၄၄ နှစ်အရွယ်ရှိ ဘာဒန်နော့သည် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အသစ် ရွေးကောက်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်းဖြစ်သူ ရောဘတ် ဂျန်ရစ်နှင့် အဓိကယှဉ်ပြိုင်ခဲ့ရပြီး
မဲပေးခွင့်ရှိသော ပါတီဝင်များ၏ထောက်ခံမဲ ၅၇ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း သိရသည်။
ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်အသစ်ရွေးချယ်ပွဲတွင် မဲပေးခွင့်ရှိသူ ၁၃၁၆၈၀ ဦးရှိပြီး ဘာဒန်နော့က ထောက်ခံမဲစုစုပေါင်း ၅၃၈၀၆ မဲရရှိခဲ့ကာ ဂျန်ရစ်က ၄၁၃၈၈ မဲရရှိခဲ့ကြောင်း သိရသည်။
ဘာဒန်နော့သည် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဟောင်းဖြစ်သူ ရီရှီ ဆူနက်နေရာတွင် အစားထိုးတာဝန်ယူမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏အဓိကနိုင်ငံရေးပါတီကြီးတွင် ခေါင်းဆောင်အဖြစ် ပထမဆုံးလူမည်းအမျိုးသမီးကို ရွေးချယ်ခံရခြင်း ဖြစ်သည်။ ဘာဒန်နော့က ပါတီနှင့်ပတ်သက်သော၊ အစဉ်အလာရှိသော အယူအဆများကို ပြန်လည်လုပ်ဆောင်မည်ဖြစ်သလို သက်တမ်းတိုးပြီးပါတီခေါင်းဆောင်အဖြစ် ဆက်လက်ဦးဆောင်ခွင့်ရရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။
ကွန်ဆာဗေးတစ်ပါတီသည် ဗြိတိန်အစိုးရအဖြစ် ၁၄ နှစ်ကြာ တာဝန်ယူခွင့်ရခဲ့သော်လည်း ဇူလိုင်လတွင်းကျင်းပခဲ့သော ရွေးကောက်ပွဲ ရှုံးနိမ့်ကာ ဗြိတိန်နိုင်ငံကို ဆက်လက်အုပ်ချုပ်ခွင့် ဆုံးရှုံးခဲ့ရသည်။
အသက် ၄၄ နှစ်အရွယ်ရှိ ဘာဒန်နော့သည် ကွန်ဆာဗေး တစ်ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူချိန်အတွင်း ပါတီ၏ အားနည်းချက်များနှင့် ပါတီအတွင်း နှစ်ခြမ်းကွဲနေခြင်းကို စုစည်းညီညွတ်မှုများဖြစ်လာစေရန် အဓိကထား ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရသည်။
ဘာဒန်နော့က ၎င်းသည် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ်ရွေးချယ်ခံရခြင်းကို ဂုဏ်ယူကြောင်း၊ အမှားများလုပ်မိမည်ဆိုလျှင် ရိုးသားမှုရှိရမည်ဖြစ်ပြီး စံနှုန်းများအတိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်းပြောသည်။
REf, aljazeera