November 5, 2024

၃.၁၁.၂၀၂၄
Written By Zun

AA အပါအဝင် CDF ၊ ချင်းညီနောင်တို့က မတူပီမြို့နယ်အတွင်း ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံ၊ ဆေးပေးခန်းများတွင် တပ်စွဲထားသောကြောင့် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

CDF – မတူပီ တပ်မဟာ (၁)၊ ချင်းညီနောင် (Chin Brotherhood) နှင့် AA လက်နက်ကိုင်တို့ က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းဝန်းများ၊ ဆေးရုံ၊ ဆေးပေးခန်းနှင့် နေရာအနှံ့တွင် ကတုတ်ကျင်းတူး၊ အခိုင်အမာခြေကုပ်ယူ တပ်စခန်းချထားသောကြောင့် စစ်ရှောင်နေကြရသော ဒေသခံများအနေဖြင့် နေရပ်မပြန်နိုင် ဖြစ်နေကြရကြောင်းလည်း သိရသည်။

“တပ်မတော်က လေကြောင်းကနေဗုံးကြဲတာတွေ လုပ်တယ်ဆိုတာ ပြည်သူကို တိုက်ရိုက်ထိခိုက်အောင်လုပ်တာ မဟုတ်ဘူး။ အဓိက ပစ်မှတ်က လက်နက်ကိုင်အဖွဲ့တွေနေထိုင်တဲ့နေရာ။ လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်စခန်း လုပ်ထားတဲ့နေရာတွေကို လေကြောင်းက ပစ်တာ။လက်နက်ကိုင်တွေကလည်း အများပြည်သူ အသုံးပြုတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ အစိုးရရုံးစိုက်တဲ့နေရာတွေ၊ ဆေးရုံဆေးပေးခန်းလို အများသွားလာနေတဲ့နေရာ တွေကိုပဲ ရွေးချယ်ပြီးတော့ အခြေချတယ်။ ဆိုတော့ လေကြောင်းကနေ ဗုံးကြဲလို့ အဲဒီနေရာတွေကိုထိရင် ဒါကို တပ်မတော်က ပစ်လို့ သေပါတယ်။ ဘာဖြစ်ပါတယ်ပြောတာ အဲဒီလက်နက်ကိုင်တွေကပဲ ပြောတာလေ။ ဒါ ကြောင့် သူတို့အနေနဲ့ အများပြည်သူတွေ သွားလာတဲ့နေရာတွေမှာ အခြေချပြီးတော့ မနေသင့်ဘူးလေ”ဟု ချင်းတိုင်းရင်းသားတစ်ဦးက MT News ကို ပြောသည်။

ယင်းသို့ တပ်စွဲနေရာယူထားခြင်းများကို ကန့်ကွက်ကြောင်းနှင့် ခံတပ်ပြုလုပ်ထားခြင်း၊ ကတုတ်ကျင်းတူး ထားခြင်း၊ ဘာသာရေးအဆောက်အအုံများကို အသုံးပြုနေခြင်းတို့ကို အမြန်ဆုံးရုပ်သိမ်းပေးရန် Global Ngaleng Organization (GNO)ကမ္ဘာ့လုံးဆိုင်ရာ ငလိုင်အဖွဲ့အစည်းက ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သေးသည်။

၎င်းတို့အနေဖြင့် ထုတ်ပြန်ရခြင်းမှာ စစ်ဘေးရှောင်ပြည်သူများ နေရပ်ဒေသအသီးသီးသို့ အမြန်ဆုံးပြန်နိုင်ရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်းသာဖြစ်ကြောင်းလည်း သိရသည်။

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း၌လည်း တပ်စွဲခြင်း၊ ခံတပ်ပြုလုပ်ခြင်းများကို စာသင်ကျောင်းများ၊ဆေးရုံဆေးခန်းများ၊ အထွေထွေအုပ်ချုပ်ရေးရုံများ စသည်တို့တွင် ပြုလုပ်လေ့ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ပုံစာ။ AA နှင့် အကျိုးတူပူးပေါင်းထားသည့် ချင်းလက်နက်ကိုင်များ ခြေကုပ်ယူထားသည်ဆိုသော နေရာများ။

Leave a Reply

Your email address will not be published. Required fields are marked *