November 5, 2024

၃.၁၁. ၂၀၂၄
Written by Shwe Phyo

တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်သည် မြောက်ကိုရီးယားနိုင်ငံအပေါ်ထားရှိသော မူဝါဒများနှင့်ပတ်သက်ပြီး နိုင်ငံကို နျူကလီးယားစစ်ပွဲအန္တရာယ် ကျရောက်အောင်လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက စွပ်စွဲပြောဆိုခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနနှင့် Institute of Enemy State Studies တို့ ပူးပေါင်းထုတ်ပြန်သောစာထဲတွင် တောင်ကိုရီးယားသမ္မတသည် စစ်ပွဲနှင့်ပတ်သက်ပြီး အဆင်ခြင်မဲ့သောမှတ်ချက်စကားများကို ပြောဆိုနေကြောင်း၊ ၎င်းသည် ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို စွန့်လွှတ်ပြီး အမေရိကန်နိုင်ငံနှင့်အတူ နျူကလီးယားစစ်ပွဲဖြစ်လာစေရန် လုပ်ဆောင်နေသလို ဂျပန်နိုင်ငံ၊ နေတိုးမဟာမိတ်အဖွဲ့နှင့်လည်း ပိုမိုရင်းနှီးသော ဆက်ဆံရေးမျိုးရရှိစေရန် ကြိုးပမ်းနေကြောင်း စွပ်စွဲရေးသားထားသည်။

မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာက “တောင်ကိုရီးယားသမ္မတဟာ မြောက်ကိုရီးယားနိုင်ငံရဲ့နျူကလီး ယားနဲ့တိုက်ခိုက်နိုင်စွမ်းကို ပိုမိုဖွံ့ဖြိးတိုးတက်အောင်လုပ်ဆောင်ဖို့ နျူကလီးယားလက်နက်တွေ ပိုမို ပိုင်ဆိုင်ဖို့ တွန်းအားပေးနေပြီး အဲဒီအကျိုးဆက်တွေကို ပြန်လည်ရင်ဆိုင်ရမယ်”ဟု ပြောသည်။

မြောက်ကိုရီးယားအရေးနှင့်ပတ်သက်ပြီး သဘောထားတင်းမာသူဖြစ်သော တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်သည် မြောက်ကိုရီးယားနိုင်ငံအားကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များကိုဖီဆန်ကာ ပဲ့ထိန်းဒုံးကျည်များနှင့် နျူကလီးယားလက်နက်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလာစေရန် တွန်းအားပေးနေကြောင်း မြောက်ကိုရီးယား သတင်းဌာနက ဖော်ပြထားသည်။

မြောက်ကိုရီးယားအစိုးရသည် လက်ရှိအချိန်တွင်တောင်ကိုရီးယားနှင့်ပြန်လည်ပေါင်းစည်းရေးကို စွန့်လွှတ်လိုက်ပြီး တောင်ကိုရီးယားနိုင်ငံကို ရန်သူနိုင်ငံအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က တောင်ကိုရီးယားနိုင်ငံကို အဓိကရန်ဘက်နိုင်ငံအဖြစ် ကြေညာခဲ့ဖူးသလို တောင်ကိုရီးယားနိုင်ငံနှင့်ပြန်လည်ပေါင်းစည်းရေးကိုလုပ်ဆောင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

တောင်ကိုရီးယားအစိုးရသည် စစ်လက်နက်ပစ္စည်းများ စမ်းသပ်မှုများနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံကို ဝေဖန်ပြစ်တင်ခဲ့ရာ တင်းမာမှုများရှိခဲ့ဖူးသည်။ထို့အပြင် တောင်ကိုရီးယားအစိုးရသည် ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားစစ်သားများစေလွတ်ခြင်းနှင့် စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းများအတွက် ဝေဖန်ပြစ်တင်ခဲ့ဖူးကြောင်း သိရသည်။

REf , scmp

Leave a Reply

Your email address will not be published. Required fields are marked *