November 5, 2024

◾ တရုတ်နှင့် ဖိလစ်ပိုင်တွင် ကျင်းပသည့် လက်ရည်စစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၆ ခုနှင့် ငွေတံဆိပ် ၃ ခုရရှိခဲ့သည့် မြန်မာအသင်းက ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲ ၀င်‌ရောက်ယှဥ်ပြိုင်ခွင့်ရရှိ

MT News
၃ .၁၁. ၂၀၂၄

၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးတွင် ကျင်းပမည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ Puerto Princesa မြို့၌ နို၀င်ဘာလ ၂ ရက်‌နေ့နှင့် ၃ရက်နေ့တို့တွင် ကျင်းပခဲ့ရာ မြန်မာလှေလှော်အားကစားအသင်းက ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup )၌ အမျိုးသား+ အမျိုး သမီး မီတာ၂၀၀ (၁၀)တက်လှော် ဗိုလ်လုပွဲပြိုင်ပွဲကို နို၀င်ဘာ၂ ရက်‌နေ့က မြန်မာ၊ အင်ဒိုနီးရှား၊ တရုတ်(တိုင်ပေ)၊ စပိန်၊ ဖိလစ်ပိုင်၊ ဟန်ဂေရီအသင်းတို့ယှဥ်ပြိုင်ခဲ့ရာ အင်ဒိုနီးရှားအသင်းကပထမ(ရွှေတံဆိပ်)၊ မြန်မာအသင်းကဒုတိယ(ငွေတံဆိပ်)၊ တရုတ်(တိုင်ပေ)အသင်းက တတိယ (ကြေးတံဆိပ်) ရရှိခဲ့ကြသည်။

ထို့အပြင် ယနေ့ နို၀င်ဘာ ၃ ရက်နေ့က အမျိုးသား+ အမျိုးသမီး မီတာ၅၀၀ (၁၀)တက်လှော် ဗိုလ်လုပွဲတွင် မြန်မာ၊ ဟန်‌ဂေရီ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ ယူကရိန်းအသင်းတို့ ယှဥ်ပြိုင်ခဲ့ကြရာ မြန်မာအသင်းက ပထမ(ရွှေတံဆိပ်)၊ ဟန်ဂေရီအသင်းက ဒုတိယ(ငွေတံဆိပ်)၊ အင်ဒိုနီးရှားအသင်းကတတိယ(ကြေးတံဆိပ်)တို့ရရှိခဲ့ကြသည်။

ယင်းလက်ရည်စစ်ပြိုင်ပွဲများဖြစ်သည့် အမျိုးသား (၁၀)တက်လှော် မီတာ၂၀၀၀ ၊ အမျိုးသား (၈)တက်လှော် မီတာ ၂၀၀၀ ၊ အမျိုးသား +အမျိုးသမီး (၈)တက်လှော် မီတာ ၂၀၀၀ ၊ အမျိုးသား+အမျိုးသမီး ( ၁၀)တက်လှော် မီတာ ၂၀၀ နှင့်အမျိုးသား+အမျိုးသမီး (၁၀)တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲများတွင် အသင်း ၁၆ သင်းအား အုပ်စု‌ လေးစုခွဲ၍ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် အဆင့်များအထိ အဆင့်ဆင့်ယှဥ်ပြိုင်ခဲ့ကြရသည်။

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများသည် အောက်တိုဘာ ၂၄ရက်နေ့မှ နို၀င်ဘာ ၃ ရက်‌နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yichang မြို့တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ၌ ရွှေ‌တံဆိပ်‌ ငါးခု၊ ငွေတံဆိပ် နှစ်ခု ရရှိခဲ့သလို ​ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့တွင်‌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup )တွင် ရွှေ‌တံဆိပ်‌ တစ်ခု၊ ငွေတံဆိပ် တစ်ခုတို့ရရှိခဲ့ကြ၍ လက်ရည်စစ်ပြိုင်ပွဲများအပြီးတွင် မြန်မာလှေ‌လှော်အားကစားအသင်းအနေဖြင့် ရွှေ‌တံဆိပ်‌ ခြောက်ခု၊ ငွေတံဆိပ်သုံးခု ရရှိခဲ့သည်။

၎င်းပြိုင်ပွဲမှ အကောင်းဆုံး(၁၂) သင်းမှာ ၂၀၂၅ ခုနှစ် ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးမြို့တွင် သြဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ ရွှေတံဆိပ် ခြောက်ခုနှင့် ငွေတံဆိပ် သုံးခု ဆွတ်ခူးခဲ့သည့် မြန်မာ‌လှေလှော်အားကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *