၃.၁၁.၂၀၂၄
Written by KL
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁/၂နှင့် ၁/၃ကြား ရန်ကုန်သို့အဝင် တိုးဂိတ်တွင် ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သော ခရီးသည်တင်ယာဥ် ငါးစီးဆင့်တိုက်မှုမှာ ရွှေပွင့်ဖြူ ခရီးသည်တင်ယာဥ်မှ ယာဥ်မောင်း အိပ်ငိုက်ရာမှ ရပ်ထားသော ခရီးသည်တင်ယာဥ်လေးစီးကို တိုက်မိခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း စစ်ဆေးသူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ဆင်ဖြူကျွန်းမှ ရန်ကုန်သို့ပြေးဆွဲသည့် ရွှေပွင့်ဖြူ ခရီးသည်တင်ယာဥ်တွင် ခရီးသည် ၅၁ ဦးလိုက်ပါလာခဲ့ရာ ယာဥ်မောင်းအိပ်ငိုက်သဖြင့် ရန်ကုန်အဝင်တိုးဂိတ်တွင် တန်းစီရပ်ထားသော မြတ်မန္တလာထွန်း၊ ဘုရင်၊ခိုင်မန္တလေး၊ နယူးရွှေမြင့်မိုရ် ခရီးသည်တင်ယာဥ်လေးစီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
“ဝင်တိုက်တဲ့ ကားပေါ်က လူညပ်နေတဲ့အတွက် မိနစ် ၄၀ ကျော်ကြာ ကယ်ထုတ်ခဲ့ရတယ်။ တစ်ဦးကတော့ သေဆုံးသွားပြီး လေးယောက်ကတော့ ဒဏ်ရာရပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး”ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးကပြောသည်။
ယာဥ်တိုက်မှုကြောင့် SUNLONG အမျိုးအစား ရွှေပွင့်ဖြူ ခရီးသည်တင်ယာဥ်ပေါ်မှ အသက် ၂၃ နှစ်အရွယ် မသင်းယမုံတွင် ဦးခေါင်းထိပ် အရိုးပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ယာဥ်မောင်း ဦးအောင်ထွန်းလေးတွင် ဘယ်ညာ ခြေသလုံးကျိုးပဲ့ဒဏ်ရာနှင့် အသက် ၃၉ နှစ်မှ အသက် ၅၆ နှစ်ကြား အမျိုးသား သုံးဦးတွင် မျက်နှာနှင့် ခြေထောက်တို့ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့်ဒဏ်ရာရရှိသူများကို လှည်းကူးမြို့နယ် ကြက်ခြေနီအဖွဲ့၊ သာသနာ့ဗိမ္မာန်အသင်း၊ Medical လူငယ်အသင်း သူနာတင်ယာဥ်တို့ဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကို လှည်းကူမြို့နယ်မီးသတ်တပ်ဖွဲ့နှင့်မင်္ဂလာဒုံမြို့နယ်မီးသတ်တပ်ဖွဲ့ ၊ ပုလဲအရန်မီးသတ်တို့မှမီးသတ်စက်ယာဥ် ၃ စီး၊ သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် သွားရောက်ကာ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်ခံရမှုကြောင့် မြတ်မန္တလာထွန်း၊ ဘုရင်၊ နယူးရွှေမြင့်မိုရ်ယာဥ်တို့၏ ယာဥ်နောက်ဖုံးပိန်ချိုင့်ခြင်း၊အင်ဂျင်ပျက်စီးခြင်း၊ လေကာမှန်ကွဲအက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ခိုင်မန္တလေးယာဥ်တွင် ယာဥ်နောက်ဖုံးပိန်ချိုင့်ခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း ခရီးသည်များ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။
ဝင်တိုက်သော ရွှေပွင့်ဖြူယာဥ်မှာ ရှေ့ခေါင်းတစ်ခြမ်းလုံး ကြေမွပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သဖြင့် အသက် ၂၃ နှစ်အရွယ် ယာဥ်မောင်း ဦးအောင်ထွန်းလေးကို အမှတ်(၃)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ၊ ၃၃၈၊ ၃၃၇၊၂၇၉ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။