၃.၁၁.၂၀၂၄
Translated by Htwe Ko Tun
စပိန်နိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံးလို့ဆိုရမယ့် နိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းတို့မှာ အောက်တိုဘာလ ၂၉ ရက်က စတင်ခဲ့တဲ့ ရေဘေးအတွင်း တစ်နိုင်ငံလုံး သေဆုံးသူဦးရေဟာ လေးရက်အကြာမှာ အနည်းဆုံး ၂၁၄ ဦး ရှိသွားခဲ့ပြီဖြစ်ပြီး ပျောက်ဆုံးနေသူအများအပြားရှိနေသေးတယ်လို့ စပိန်နိုင်ငံ ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်က နိုဝင်ဘာလ ၂ ရက်မှာ ပြောခဲ့ပါတယ်။
ရေကြီးမှုဖြစ်ပွားခဲ့တဲ့ဒေသအတွင်း ရှာဖွေကယ်ဆယ်မှုတွေ ပြုလုပ်ဖို့နဲ့ သန့်စင်ရှင်းလင်းမှုတွေလုပ်ဖို့ အစပိုင်းကချထားတဲ့ တပ်ဖွဲ့ဝင် ၂,၅၀၀ အပြင် အစိုးရက တပ်ဖွဲ့ဝင် ၅,၀၀၀ ထပ်မံစေလွှတ်ခဲ့တယ်လို့ ဆန်းချက်ဇ်က ပြောခဲ့ပါတယ်။
ရေဘေးကိုအဆိုးဝါးဆုံးခံခဲ့ရတဲ့ ဗလန်စီယာဒေသမှာတော့ သေဆုံးသူ ၂၁၁ ဦးရှိသွားပြီလို့ ဒေသအာဏာပိုင်တွေက နိုဝင်ဘာ ၂ ရက်ညမှာ ပြောခဲ့ကြပါတယ်။ ဒီရေဘေးက ပေါ်တူဂီနိုင်ငံမှာ ၁၉၆၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အနည်းဆုံး လူ ၅၀၀ လောက်သေဆုံးခဲ့ရတဲ့ ရေဘေးပြီးရင်တော့ ဥရောပတိုက်အတွက် အဆိုးဝါးဆုံးသော ရေဘေးလည်းဖြစ်ခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဥရောပမှာ ဆိုးဝါးပြီးအစွန်းရောက်တဲ့ ရာသီဥတုဆိုင်ရာ သဘာဝကပ်ဘေးဖြစ်ရပ်တွေမကြာခဏ ကြုံရဖွယ်ရှိတယ်လို့ သတိပေးခဲ့ကြပါတယ်။ မိုးလေဝသပညာရှင်တွေကလည်း မြေထဲပင်လယ်ရေပြင်ပူနွေးလာနေမှုက ရေငွေ့ပျံမှုပိုလို့တိုးလာစေနိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေဖြစ်ပွားဖို့ အဓိက အကြောင်းတစ်ရပ်ဖြစ်လာနေတယ်လို့ ဆိုခဲ့ကြပါတယ်။
Ref- Reuters