၃ .၁၁ .၂၀၂၄
Written by Hey Mar
အမေ အဖေ ချမ်းငြိမ်းအောင်တို့ မဆိုင်လို့ သူတို့ကို ဘယ်ကိုမှခေါ်မသွားဖို့ သက်ဆိုင်ရာ စခန်းမှူးကို မေတ္တာ ရပ်ခံကာ အမျိုးသမီးတစ်ဦး ဧရာဝတီမြစ်ထဲဆင်းပြီး သေကြောင်းကြံည်ခဲ့တဲ့ ဖြစ်စဉ် မနေ့က နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က မကွေးမြို့၊ မြို့ဟောင်းရပ်၊ ဧရာဝတီမြစ်ဆိပ်မှာ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း တာဝန်သိပြည်သူတစ်ဦးက သက်ဆိုင်ရာကို အကြောင်းကြားလာတာ ကြောင့် တာဝန်ရှိသူတွေရဲ့ ညွှန်ကြားမှုနဲ့ မကွေးမြို့ အခြေစိုက် မြေပြင်လူမှုကူညီရေး အသင်းက သွားရောက်ပူးပေါင်းကူညီရှာဖွေပေးခဲ့ကြကြောင်း၊ သေကြောင်းကြံစည်သူ အမျိုးသမီးရဲ့ ရုပ်အလောင်း ရရှိနိုင်ဖို့ မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေ (Scuba Diving)နဲ့အတူ ညနေ ၅ နာရီ ၁၉ မိနစ်အချိန်ခန့်က စတင်ရေငုပ်ရှာဖွေကာ ရေငုပ်ချိန် ၄ မိနစ်အချိန်အတွင်း အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ကိုယ့်ကိုယ်ကိုယ် သတ်သေသူအမျိုးသမီးရဲ့ သေတမ်းစာဆိုတဲ့ခေါင်းစဥ်နဲ့စာမှာ “စခန်းမှူးကြီးရှင် အမေ အဖေ ချမ်းငြိမ်းအောင်တို့နဲ့ မဆိုင်ပါဘူးရှင့်။ ကျွန်မက နောက်နောက်က အကြောင်းမကောင်းဘူး။ သူတို့နဲ့မဆိုင်ပါဘူး။ သူတို့ကို ဘယ်မှခေါ်မသွားပါနဲ့။ တောင်းပန်ပါ(တယ်)နော်” လို့ ရေးထားခဲ့တာလည်း တွေ့ရပါတယ်။
သက်ဆိုင်ရာကလိုအပ်တဲ့ ဆေးစစ်ချက်တွေရယူနိုင်ဖို့ မြေပြင် လူမှုကူညီရေးအသင်း လူနာတင်ယာဥ်နဲ့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနဆီကနေတစ်ဆင့် ရင်ခွဲရုံဆီ မြေပြင်လူမှုကူညီရေးအသင်းကပဲ ပို့ဆောင်ကူညီခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အသင်းတာဝန်ရှိသူက”မကွေးနယ် ဖိုလေးလုံးရွာကလို့ သိရတယ်။ အသက် ၄၀ ဝန်းကျင်ပဲ။ သူ့ မှတ်ပုံတင်ရယ်၊ နောက်ပြီး စာလည်းချန်ခဲ့တာမှာ – သူ့စာထဲ အဖေကြောင့် အမေကြောင့်မဟုတ်ပါဘူး။ သူ့အဖေ အမေနဲ့ မဆိုင်ဘူးဆိုတာလေး ပါတယ်။ အခု သူ့နေရပ်ကို အလောင်းပြန်ပို့ဖို့ လုပ်နေပါတယ်” လို့ MT News ကို ပြောပါတယ်။