၃.၁၁.၂ဝ၂၄
Written by K Pyay Thein
ရန်ကုန်-မန္တလေး အမြန်လမ်း၊တိုးဂိတ်အနီးမှာ ခရီးသည်တင်ယာဉ်ငါးစီးဆင့်တိုက်မိလို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး လူအချို့ထိခိုက်ဒဏ်ရာရခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခု ဒီနေ့ နိုဝင်ဘာ ၃ ရက် နံနက်အစောပိုင်းအချိန်ဖြစ်တဲ့ နံနက် ၄ နာရီကျော်အချိန်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယာဉ်တိုက်မှုကြောင့် ကားအတွင်းညှပ်မိနေတဲ့ Express ယာဉ်မောင်းတစ်ဦးကိုလည်း မီးသတ်တပ်ဖွဲ့က ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
“ရွှေပွင့်ဖြူကားလိုင်းက Driver ညပ်နေလို့ ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရတယ်။ မနက် ၄ နာရီမထိုးခင်ကတည်းက Accident ဖြစ်တာပါ။ ကားငါးစီးဆင့်တိုက်တာပါ။ ရန်ကုန်အဝင် ကား(၅)စီးဆင့်တိုက်မှုပါ”လို့ အဲ့ဒီအနီးဝန်းကျင်မှာရှိနေတဲ့ ပြည်သူတစ်ဦးက ပြောပြပါတယ်။
အဲ့ဒီယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပွားရာသို့ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသားနှစ်ဦးကိုလည်း နယ်မြေခံ
ကြက်ခြေနီတပ်ဖွဲ့၊ Medical လူငယ်အသင်းပိုင် သူနာတင်ယာဉ်နဲ့ လှည်းကူးဆေးရုံသို့ပို့ဆောင်ပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုယာဉ်ငါးစီးဆင့်တိုက်မှုဟာ ရန်ကုန်အဝင် အမြန်လမ်း ၁ မိုင်နဲ့ ၃ ဖာလုံအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီယာဥ်တိုက်မှုကြောင့်လည်း ဒီနေ့ နံနက်ပိုင်းမှာ အမြန်လမ်း ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ယာယီဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ/MFSD