၃. ၁၁. ၂၀၂၄
Written by Nay Moe
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတချို့ကို ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ ဒေါင်းနက် LPDF အဖွဲ့နဲ့ လုံးဝ(လုံးဝ)ပတ်သက်မှုမရှိပါဘူးလို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ငြင်းချက် ထုတ်ပြန်ပါတယ်။
Black Peacock (စစ်ခွေးလက်ပါးစေ သုတ်သင်ရေးအဖွဲ့)လို့ အမည်ပေးထားတဲ့ LPDF အဖွဲ့ဟာ ကျွန်းစုမြို့နယ်ထဲက ကော်ဇယာ၊ မဲတောနဲ့ ဘန္ဒနဲကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ ဒေသခံ ပြည်သူအချို့ကို ခြိမ်းခြောက်စာပေးပို့တာ၊ ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာတွေကိုလည်း ဒေသခံပြည်သူတွေ သတင်းပေးပို့ချက်အရ သိရှိရတယ်လို့လည်း ကျွန်းစုပကဖအဖွဲ့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျွန်းစုမြို့နယ်အတွင်းကနေ ထိုင်းနိုင်ငံဆီကိုဂဏန်း၊ ပုဇွန်၊ မီးသွေး စသဖြင့် တစ်နိုင်တစ်ပိုင်ကုန်ရောင်းဝယ် ဖောက်ကားနေတဲ့ ကုန်လှေတွေကိုလည်း ခြိမ်းခြောက်စာပေးပို့ပြီး အဓမ္မငွေတောင်းခံတာ၊ စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေတဲ့ မီးသွေးဖောင်တချို့ကိုလည်း ခြိမ်းခြောက်စာပေးပို့ငွေတောင်းခံနေတယ်လို့လည်း သိရှိရတယ် ပြောပါတယ်။
ဒါကြောင့်မို့လို့ ဒီလိုတွေလုပ်နေတဲ့ “ဒေါင်းနက် Black Peacock (စစ်ခွေးလက်ပါးစေသုတ်သင်ရှင်လင်းရေးအဖွဲ့)လို့ အမည်ရတဲ့ LPDF လက်နက်ကိုင်အဖွဲ့ဟာ ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ လုံးဝ(လုံးဝ)သက်ဆိုင်ခြင်း မရှိကြောင်း အများပြည်သူတို့သိရှိနိုင်စေဖို့ဆိုပြီးတော့လည်း အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုအသိပေးနေပေမဲ့လည်း Black Peack LPDF အဖွဲ့ဟာ လူ ၁၀ ယောက်ကျော်သာရှိတဲ့ LPDF လက်နက်ကိုင်အဖွဲ့သေးသေးလေးသာဖြစ်လို့ လူအင်အားရာဂဏန်းရှိတဲ့အပြင် မကြာသေးခင်ကမှ ကွန်မန်ဒိုအဖွဲ့ပါ ဖွဲ့စည်းထားတဲ့ NUG ရဲ့ ကျွန်းစုပကဖက အရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာမပါတာ၊ NUG ထံ အသိပေးတင်ပြပြီးဆက်လက်ဆောင်ရွက်မယ်ဆိုတာ မပါတာနဲ့ ဒီအဖွဲ့ဟာ ဩဂုတ်လအတွင်းကမှ စတင်လှုပ်ရှားလာလို့ PDF တွေကနေ အကြောင်းအမျိုးမျိုးကြောင့် ခွဲထွက်လက်နက်ကိုင်လာသူတွေဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေအပြင် အဖွဲ့သေးသေးလေးကြမှ အရေးမယူဘဲ စာထုတ်နေလို့ ကျွန်းစုပကဖဟာ ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ Black Peacock နဲ့ ပေါင်းစားနေတာလားလို့လည်း ထုတ်ပြန်ချက်အောက်မှာ မေးခွန်းထုတ်နေတာကို တွေ့ရှိရပါတယ်။
ပုံစာ။ Black Peacock အဖွဲ့နဲ့ မပတ်သက်ကြောင်း ကျွန်းစုပကဖထုတ်ပြန်ချက်နဲ့ ကျွန်းစုပကဖများမြင်ကွင်းအချို့။