MT News
၂. ၁၁. ၂၀၂၄
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိသည်ဟု SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ယခုည ထုတ်ပြန်သည်။
ဖြစ်စဉ်အမှန်မှာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကျီစု၊ ကျောက်တိုင်၊ ဝက်တိုးရွာများရှိ ဘုန်းကြီး ကျောင်းများမှ သံဃာတော်များအား PDF များက နှင်ထုတ်၍ သာသနာ့နယ်မြေဖြစ်သော ကျောင်းဝန်းအတွင်းနှင့် စာသင်ကျောင်းများ၌ ခိုအောင်းစခန်းချကာ လက်လုပ်သေနတ်များ၊ လက်လုပ်စိန်ပြောင်းများနှင့် လက်လုပ်မိုင်းမျိုးစုံတို့အား ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါရွာများအတွင်း PDF များ ထောင်ထားခဲ့သည့်မိုင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်း ကင်းစောင့်ခဲ့သည့်နေရာများ၊ ဘန်ကာ/ပစ်ကတုတ်များ၊ လက်လုပ်သေနတ်၊ စိန်ပြောင်း၊ မိုင်းများနှင့် လက်လုပ်များ ပြုလုပ်ရာတွင် သုံးသည့် လက်သုံးကိရိယာမျိုးစုံတို့အား ဖော်ထုတ်သိမ်းဆည်းရရှိခဲ့သည်။
ထိုသို့ ရပ်ကွက်၊ ကျေးရွာများအတွင်း အကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များအား ပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်အပ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။