October 22, 2024

ပြည်တွင်းခရီးသွားလာမှုများပြားသည့် ပုဂံရှေးဟောင်းဒေသတစ်နေရာကို တွေ့ရစဥ်

၃. ၁၀. ၂၀၂၂
Written by Thi Ha

ကိုဗစ်-၁၉ ကာလနှင့် ၂၀၂၁ အာဏာထိန်းသိမ်းမှုဂယက်များကြောင့် ခရီးသွားလာမှုနည်းပါးသည့် ယခင် သီတင်းကျွတ်ကာလများထက် ယခုနှစ် သီတင်းကျွတ် ကာလ အားလပ်ရက်တွင် ပြည်တွင်းခရီးသွားလာမှု မနှစ်ကထက်ပိုမိုများနိုင်ကြောင်း ခရီးသွားဝန်ဆောာင်မှု လုပ်ငန်းတချို့က ခန့်မှန်းနေကြသည်။

“အောက်တိုဘာ ၈၊ ၉ ၊ ၁၀ သုံးရက်အတွက် Booking တွေက ပုဂံ ဟိုတယ်ရော တုတ်တုတ် ဆိုင်ကယ် ဝန်ဆောင်မှုတွေရော ၈၀ ရာခိုင်နှုန်းလောက် ပြည့်နေပြီ။ မနှစ်ကထက်စာရင် ဒီမှာလည်း ဝန်ဆောင်မှု လုပ်ငန်းတွေ ပြန်စနေပါပြီ။ မီးပုံးပျံတွေလဲ ပြန်ပြီးတော့ ပျံမယ်။ ပိတ်ထားတဲ့ ဘုရားတချို့ကိုလည်း ရှေးသုဘက်က ကြံ့ခိုင်ရေး သေချာစိစစ်ပြီး ဖူးမျှော်ခွင့်တွေပြန်ပေးနေတယ်။ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေလည်း အများစု ပြန်ဖွင့်ကြပါပြီ။ ယာဥ်လိုင်းတွေဘက်က ခရီးစဥ်ပြေးဆွဲဖိုအတွက်လည်း ဒီကာလလေးတော့ အားခဲထားကြပါတယ်” ဟု ပုဂံမှ တုတ်တုတ်ဆိုင်ကယ်နှင့် ဟိုတယ် ဝန်ဆောင်မှုပေးနေသူ ဒေသခံလုပ်ငန်းရှင်တစ်ဦးက MT News သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ပုဂံဒေသတွင် ယခင် ၂၀၁၈၊ ၂၀၁၉ ခုနှစ် ခရီးသွားကာလများကဲ့သို့ ပြည်ပခရီးသွားများကို မျှော်လင့် ချက်ထား၍မရနိုင်ကြောင်းနှင့် ဒေသတွင်း ခရီးသွားများအပေါ်တွင်သာ မှီခိုရနိုင်သည်ကြောင့် ဟိုတယ် နှုန်းထားများမှအစ ပြည်တွင်းခရီးသွားအများစု စိတ်ဝင်စားစေရန် ဈေးများလျှော့ချကာ ပြောင်းလဲပြင်ဆင်သတ်မှတ်ပြီး စျေးကွက်ကို ပြန်လည်စွဲဆောင်နေကြသည်ဟု သိရသည်။

ထိုသို့ ဒေသတွင်းခရီးသွားအများစု နှစ်သက်ကြသည့် အခြားခရီးစဥ်များမှာ ကမ်းခြေခရီးစဥ်များဖြစ်သည်။ ယခုနှစ်တွင် ပုသိမ်ဘက်မှ ကမ်းခြေများဖြစ်သည့် ချောင်းသာ ၊ ရွှေသောင်ယံ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီကျွန်း ခရီးစဥ်များ ရှိသည့်အနက်၊ ငွေဆောင်ကမ်း‌ခြေခရီးစဥ်များကို စိတ်ဝင်စားမှု ပိုမို များပြားနေကြောင်းလည်း သိရသည်။

“ ဂေါ်ရင်ဂျီဘက်က ပုံမှန်ဆို ခရီးသွားတွေ ပိုစိတ်ဝင်စားကြတယ်။ ဒါပေမဲ့ သည်ကာလမှာတော့ ငရုတ်ကောင်းမြို့နယ်တစ်ဝိုက်က ရွာစဥ်တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာရှိနေတယ်။ အဲဒီတော့ အခြားကမ်းခြေတွေထက် ငွေဆောင်ကို ပို ရွေးချယ်ကြတဲ့သဘောပါပဲ။ ဟိုတယ်တွေကတော့ လပြည့်နေ့လောက်ပဲ တချို ဟိုတယ်တွေ အခန်းလွတ်နိုင်တယ်။ အများစုက ပြည့်နေတယ်။ ဈေးတွေလည်း ပြန်တက်ပါတယ်။ အရင် ၃၅၀၀၀ တန် သတ်မှတ်ထားတဲ့ ကျွန်တော့် ဟိုတယ်အခန်းတွေမှာ အခုပွင့်လင်းရာသီဈေးပေါ့။ ၅၅၀၀၀ ပါ။ အရင်ကလည်း သည်လိုကာလတွေ ဈေးတက်တာပါပဲ။ အခုက အရင့်အရင် နှစ်တွေထက်စာရင် အများကြီး သက်သာပါတယ်” ဟု ငွေဆောင်ကမ်းခြေမှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ငွေဆောင်ကမ်းခြေမှတစ်ဆင့်၊ ဆင်စခန်း၊ ချစ်သူများကျွန်း၊ မြွေကျွန်း၊ ငှက်ကျွန်းများသို ဆိုက်ကယ်နှင့် ထပ်မံသွားရောက်လည်ပတ်နိုင်သလို၊ ငှက်ကျွန်းတွင် snorkelling လုပ်၍လည်း ရေအောက်ပင်လယ်ပြင် အလှအပများကို ခံစားကြည့်ရှုနိုင်သည်။ ကျွန်းရှည်(ခေါ် ) ကျွန်းယားကြီးတွင် ကျောက်ခက် ကျောက်စွယ်များ၏ အလှအပများကိုလည်း ခံစားနိုင်ကြည့်ရှုနိုင်သဖြင့် ရွေးချယ်လည်ပတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *