၂. ၁၁. ၂၀၂၄
Written by Nyein Kyaw
နယ်သာလန်နိုင်ငံ အာလူးမျိုး (Markies Potatoes) အား မြန်မာနိုင်ငံတွင် တစ်သျှူးကာချာနည်းဖြင့် မျိုးပွားမှုအဆင့် (၂) သို့ ရောက်ရှိနေပြီဖြစ်ပြီး တောင်သူများသို့ လာမည့် ၂၀၂၅ ခုနှစ်၊ မေလတွင် စတင်ဖြန့်ဝေစိုက်ပျိုးစေမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယမန်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ရှိ နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းက ဆောင်ရွက်နေသော တစ်သျှူးကာချာ မျိုးပွားခြံသို့ သွားရောက်၍ အဆင့်(၂)သို့ ရောက်ရှိနေပြီဖြစ်သော နယ်သာလန် Markies မျိုး ၄၈ ရက်သား အာလူး တစ်သျှူးကာချာစိုက်ခင်းကို ကြည့်ရှုလေ့လာခဲ့သည်။
တစ်သျှူးကာချာမျိုးပွားခြံတွင် နယ်သာလန်မျိုး ၄၈ ရက်သား အားလူးမျိုးပွားမှု အဆင့် (၂) အား လုပ်ငန်းစဉ်အတိုင်း အဆင့် (၃) အထိ ဆက်လက်မျိုးပွား စမ်းသပ်ထုတ်လုပ်ပြီး ဒေသခံတောင်သူများသို့ ၂၀၂၅ ခုနှစ် မေလတွင် စတင်ဖြန့်ဝေစိုက်ပျိုးစေမည်ဖြစ်သည်။
ထို့ပြင် အဆိုပါမျိုးပွားခြံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လက်ဆောင်ရရှိခဲ့သော အာလူးမျိုးကိုလည်း တစ်သျှူးကာချာနည်းဖြင့် မျိုးပွားထုတ်လုပ်လျက်ရှိရာ ယခုအခါ အဆင့် (၁) အောင်မြင်သွားပြီဖြစ်၍ ရိတ်သိမ်းပြီး အဆင့် (၂) သို့ မြေချစိုက်ပျိုးနိုင်ရေးအတွက် အအေးခန်းတွင် ရက်ပေါင်း ၁၂၀ သိုလှောင်သိမ်းဆည်းထားလျက်ရှိကြောင်း သိရသည်။