၂.၁၁.၂ဝ၂၄
Written by K Pyay Thein
ကျိုင်းတုံမှာ အလုပ်သွားလုပ်တယ်ဆိုတဲ့ ရန်ကုန်က အမျိုးသမီးငယ်နှစ်ဦးနဲ့ လားရှိုးကအမျိုးသမီးငယ်တစ်ဦးတို့ဟာ နယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်းတစ်ခုမှာရောင်းစားခံလိုက်ရတယ်လို့ ကာယကံရှင်ဖြစ်တဲ့ သူတို့ရဲ့မိသားစုဝင်တွေက အတည်ပြုပြောကြားလာပါတယ်။
လားရှိုးမှာနေထိုင်သူအမျိုးသမီးငယ်တစ်ဦးနဲ့ ရန်ကုန်မြို့က အမျိုးသမီးငယ်နှစ်ဦးတို့ဟာ အဲ့ဒီကျိုင်းတုံမြို့မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းမှာ ရောင်းစားခံလိုက်ရတာကို အလုပ်ခေါ်ယူသွားခဲ့တဲ့ ပွဲစားတွေထံကနေတစ်ဆင့်သိရှိခဲ့ရတာဖြစ်တယ်လို့ အမျိုးသမီးငယ်နှစ်ဦးရဲ့မိသားစုဝင်တွေက ထုတ်ဖော်ပြောကြားလာတာပါ။
“ကျွန်တော့်သမီး ကျားဖြန့်မှာရောင်းစားခံလိုက်ရပါပြီ။ကျွန်တော်ဖုန်းဆက်ကြည့်တော့ သူတို့ဘက်က Record ဖမ်းထားတယ်။ သူတို့ကျားဖြန့်လုပ်တာဖြစ်ကြောင်းပဲ ပေါ် ပေါ်တင်တင်ပဲ ပြန်ဖြေပါတယ်။ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာတော့ မသိတော့ပါဘူး။ ကျွန်တော့်သမီးလေးနဲ့ တူမလေးပါ။ ကျိုင်းတုံမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားတာ အောက်တိုဘာ ၂၆ ရက်နေ့ကတည်းကပါ။ ၂၈ ရက်နေ့အထိ အဆက်အသွယ်ရတယ်။ ၂၉ ရက်၊ ၃ဝ နဲ့ ၃၁ ရက်မှာ အဲ့ဒီကလေးငယ် သုံးဦးနဲ့ လုံးလုံးအဆက်အသွယ်မရတော့ပါဘူး”လို့ ကျိုင်းတုံမှာရောင်းစားခံလိုက်ရတယ်လို့ဆိုတဲ့ ပျောက်ဆုံးနေသူ အမျိုးသမီးငယ်နှစ်ဦးရဲ့ ဖခင်ဖြစ်သူက ကနဦး ပြောပြပါတယ်။
အဲ့ဒီအမျိုးသမီးငယ်သုံးဦးကိုအလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့တဲ့ ပွဲစားတွေရဲ့ဖုန်းနံပါတ်ကိုလည်း မိဘတွေက လူမှုကွန်ရက် Facebook ပေါ်မှာပြန်လည်မျှဝေထားခဲ့ပါတယ်။ အဲ့ဒီလူခေါ်ပွဲစားတွေရဲ့ ဖုန်းနံပါတ်ကတော့ ၀၉ – ၇၅၉၃၆၃၄၉၄ နဲ့ ၀၉ – ၄၅၆ဝ၁၄ဝ၃၁ တို့ဖြစ်တယ်လို့ သူက မျှဝေထားတာပါ။
အမျိုးသမီးငယ်သုံးဦးကို ချိတ်ဆက်ပေးခဲ့တဲ့ မိုင်းလားမြို့က တစ်ယောက်ကတော့ ” စိတ်မပူပါနဲ့ ဘာမှမဖြစ်စေရပါဘူး” ဆိုတာတွေကို ထပ်ခါတလဲလဲ ပြောဆိုတယ်လို့လည်း ဖခင်ဖြစ်သူက ပြောပါတယ်။
အဲ့ဒီနောက်မှာတော့ ယမန်နေ့ည နိုဝင်ဘာ ၁ ရက်မှာ ကျားဖြန့်မှာရောင်းစားခံရတယ်လို့ဆိုသူ အမျိုးသမီးနှစ်ဦးနဲ့ အဆက်အသွယ်ရခဲ့ပြီး သူတို့က တရုတ်ဖုန်းနံပါတ်တစ်ခုနဲ့ ခေါ်ဆိုလာခြင်းဖြစ်တယ်လို့ကာယကံရှင်မိသားစုဝင်တွေဘက်က လူမှုကွန်ရက် Facebook မှာ ထပ်မံရေးသားမျှဝေထားခဲ့ပါတယ်။
“မနေ့ညက ကျွန်တော့်သမီးက တရုတ်ဖုန်းနံပါတ်တစ်ခုနဲ့ ဆက်လာပြီး သူတို့နှစ်ယောက် အဆင်ပြေတယ်။အဖေနဲ့အမေ စိတ်မပူကြဖို့ တရုတ်ဖုန်းကတ်လျှောက်ထားတယ်၊ နောက် ၄/၅ ရက်နေရင်ရပြီဆိုတဲ့အကြောင်းတွေကို ပြောပါတယ်။ ဒါပေမဲ့ အဲလိုပြောနေတဲ့အချိန်မှာ နောက်ကနေ တရုတ်လို အော်ဟစ်နေသံတွေလည်း ကြားရပါတယ်။ အိမ်မှာကော၊ပတ်ဝန်းကျင်မှာကော၊ ရန်ကုန်မှာ အလုပ်လုပ်ဖူးတဲ့ ကာလတွေမှာကော အရမ်းသွက်လက်ချက်ချာတဲ့ ကျွန်တော့်သမီး ၁၈ နှစ်ကျော်နဲ့ တူမ လားရှိုးကလာတယ်ဆိုတဲ့ ကလေးမလေး ၁၆ နှစ်ကျော်တို့ရဲ့အသံတွေဟာ တုန်နေကြပါတယ်။ တစ်စုံတစ်ရာကို စိုးရွံ့ထိတ်လန့်နေကြတဲ့ပုံစံ ပေါက်နေကြပါတယ်။ Video Call ခေါ်လို့မရသေးကြောင်းနဲ့ သူတို့ အခုရောက်နေတဲ့မြို့ကိုလည်းအတိအကျမပြောပါဘူး”လို့ အဲ့ဒီအမျိုးသမီးငယ်နှစ်ဦးရဲ့ဖခင်ဖြစ်သူက Facebook မှာ ထပ်မံရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သမီးနဲ့တူမ၊ မိန်းကလေးသုံးဦးလုံးရဲ့ ဖုန်းတွေပိတ်သွားတဲ့ သုံးရက်လုံးမှာ ကျိုင်းတုံ၊ မိုင်းလားက ဖုန်းတွေကို ဆက်ကြည့်တဲ့အခါမှာတော့ ဖုန်းကိုင်တာကိုတွေ့ရပြီး အလုပ်က နေ့ဆိုင်း၊ ညဆိုင်းတွေဆင်းနေရလို့ ကာယကံရှင်အမျိုးသမီးတွေက ဖုန်းကိုင်လို့မရဘူးလို့လည်း အလုပ်ချိတ်ပေးတဲ့ ပွဲစားတွေက ပြောပါတယ်။
“ကျွန်မတို့က ကျားဖြန့် လုပ်တာပါလို့ တစ်ဖက်က ပေါ်တင်ပြောလာလို့ ဒီကလေးမနှစ်ဦးနဲ့ ကံမကုန်သေးရင် ပြန်ဆုံပြီး အကောင်းပကတိအတိုင်း သူတို့ အမြန်ဆုံး ပြန်လာနိုင်ပါစေလို့ပဲဆုတောင်းမိပါတယ်။ အကယ်လို့ တစ်ဖက်က ယုတ်မာပက်စက်လို့ သူတို့ဘဝတွေ တစ်စုံတစ်ခုဖြစ်သွားရင်တော့လည်း သူတို့ရဲ့ကံတရားလို့ပဲ သတ်မှတ်ထားပါတယ်”လို့ ကာယကံရှင်အမျိုးသမီးနှစ်ဦးရဲ့ဖခင်က ထပ်လောင်း ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဝင်ငွေအရမ်းကောင်းတယ်၊ တစ်နှစ်၊ နှစ်နှစ်အတွင်း ဘယ်လိုတွေချမ်းသာသွားမယ်ဆိုပြီး လိမ်လည်ဖြားယောင်းလုပ်စားနေကြတဲ့ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေ၊ လူကုန်ကူးလုပ်ငန်းတွေ၊ ကာစီနိုလောင်းကစားဝိုင်းတွေရဲ့သွေးဆောင်ဖြားယောင်းမှုတွေအပေါ်မှာ နစ်မြောပြီး မိဘတွေကို လိမ်ညာပြောပြီးထွက်သွားတဲ့ အခုအမျိုးသမီးနှစ်ဦးရဲ့ဖြစ်အင်ကို အခြားသော မိဘတွေနဲ့ ကလေးငယ်တွေက စံနမူနာယူကြဖို့ကိုလည်း ကာယကံရှင်အမျိုးသမီးတွေရဲ့ဖခင်က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကျိုင်းတုံမှာ အလုပ်သွားလုပ်တယ်ဆိုတဲ့ ရန်ကုန်က အမျိုးသမီးနှစ်ဦးနဲ့ လားရှိုးက အမျိုးသမီးတစ်ဦးတို့ကို ကျားဖြန့်လုပ်ငန်းတစ်ခုမှာရောင်းစားခံလိုက်ရတယ်ဆိုတဲ့ ကိစ္စရပ်နဲ့ပတ်သက်လို့ နယ်စပ်ဒေသမှာရှိနေတဲ့ ပြည်သူတစ်ဦးက “အခုပုံပါမိန်းကလေးတွေကမိုင်းလားဘောလုံးကွင်းမှာ ရိုက်ထားတာပါ။ မိုင်းလားမှာကဖုန်းလိုင်းက MPT နဲ့ ATOM ပဲမိတာပါ။ ဒါတောင်တရုတ်လိုင်းပူးပါသေးတယ်။ ကျားဖြန့်မှာလုပ်တယ်ဆိုရင် ဖုန်းကသိမ်းထားပါတယ်။ မကိုင်ရပါဘူး။ အလုပ်က ကွန်ပျူတာနဲ့တယ်လီဂရမ်ကနေတော့ စာပို့လို့ရပါတယ်။ ရောင်းစားရင်တောင် မြန်မာပြည်ဘက်ကသူဆိုမဝယ်ပါဘူး။ သူတို့က ကျားဖြန့်ထဲကိုပဲ တခြားအလုပ်နဲ့ ပွဲစားကရောင်းသွားရင်တော့ သုံးလလောက်နေမှ ပြန်ထွက်လာရပါတယ်။ သူငယ်ချင်းအသ််ိကောင်မလေးလည်း တန့်ယန်းဘက်ကကျားဖြန့်မှာ အဲ့လိုဖြစ်ဖူးလို့ပါ”လို့ သူက မှတ်ချက်ပြု ပြောပြထားခဲ့ပါတယ်။
ပုံစာ – ကျားဖြန့်လုပ်ငန်းတစ်ခုမှာရောင်းစားခံလိုက်ရတယ်ဆိုတဲ့ အမျိုးသမီးငယ်သုံးဦးအား တွေ့ရစဥ်။