November 2, 2024

၂.၁၁. ၂၀၂၄
Written by Shwe Phyo

လက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုဒဏ်နှင့် ငွေကြေး ဖောင်းပွမှုတို့ကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ လူ လေး‌ ဦးလျှင် တစ်ဦးနှုန်းဖြင့် စုစုပေါင်းလူဦးရေ ၁၃.၃ သန်းသည် စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရပြီး ထိုထဲကမှ လူဦးရေ ၂ ဒသမ ၇ သန်းသည် စားနပ်ရိက္ခာအခက်အခဲအရေးပေါ်အခြေအနေကို ရင်ဆိုင်နေကြရကြောင်း  ဥရောပသမဂ္ဂ (EU) နှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့တို့က ပူးတွဲသတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်များ၏ ကုန်ဈေးနှုန်းသည်လည်း မနှစ်ကနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း တိုးမြင့်လာပြီး တစ်ချိန်တည်းမှာပင် မြန်မာ နိုင်ငံတွင် နေရပ်စွန့်ခွာသူလူဦးရေ ၃ ဒသမ ၄ သန်းခန့်အထိရှိလာကာ လွန်ခဲ့သည့် ၃ နှစ်ခန့်ကရှိခဲ့သည့် လူဦးရေ ၃ သိန်းထက် အဆများစွာတိုးများလာခဲ့ကြောင်း သိရသည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ပါအိုလို မက်တီက “အခက်အခဲမျိုးစုံ ရိုက်ခတ်မှုမျိုးစုံ ကြုံတွေ့နေရသူတွေများလာတာမို့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာတစ်ခါမှ ဒီလောက်ထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး။သန်းပေါင်းများစွာသော ပြည်သူလူထုရဲ့ အခက်အခဲဒုက္ခတွေကို ဖြေလျှော့ပေးနိုင်ဖို့ရာ ဥရောပသမဂ္ဂက ရက်ရက်ရောရာ ပေးအပ်တဲ့လှူဒါန်းမှုလို နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို ကျွန်တော်တို့ အားကိုးအားထားပြုရပါတယ်”ဟုပြောသည်။

ဥရောပ သမဂ္ဂ (EU) သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာသော စားနပ်ရိက္ခာအခက်အခဲများကို တုံ့ပြန်ဖြေရှင်းသည့်လုပ်ငန်းများအား ပံ့ပိုးနိုင်ရန်အတွက် (WFP)ထံအမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကို ထပ်မံကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်သူ Mr. Luc Verna က“မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက တကယ့်ကိုစိုးရိမ်စရာပါ။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နယ်မြေသစ်တွေဆီ ဆက်လက်ကူးစက်မှုနဲ့အတူ ထပ်တလဲလဲ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အရပ်သားပြည်သူတွေအဖို့ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်‌နေကြရရှာပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံဟာစားနပ်ရိက္ခာ မလုံလောက်တဲ့အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ အခုလို ဆိုးရွားနေတဲ့အခြေအနေမှာ ထိခိုက်အလွယ်ဆုံးသော အရပ်သားပြည်သူတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားဆဲပါ” ဟု ပြောကြားသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံရှိလူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်နေသူများအတွက် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၈ သန်း အထိ ကူညီထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း သိရသည်။ WFP သည် ဥရောပသမဂ္ဂမှ ကူညီထောက်ပံ့ပေးသော ငွေကြေးများကို မြန်မာ နိုင်ငံတစ်ဝန်းရှိ လူဦးရေပေါင်း ၂ သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာနှင့် အာဟာရများ ပေးအပ်ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

REf UN
#wfp#myanmar#EU#
#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *