November 2, 2024

၂.၁၁. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဘန့်လာမန့်အရပ်ဒေသရှိ စရီဆူဝတ်ကျောင်းရှေ့တွင် ပြီးခဲ့သောရက်ပိုင်းက ဓားထိုးမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦးက ချစ်သူဖြစ်သော ထိုင်းအမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

အသက် ၂၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားအမျိုးသားသည် ချစ်သူဖြစ်သော ထိုင်းအမျိုးသမီးမှ ရုတ်တရက်အဆက်ဖြတ်လိုက်သည်ကို စိတ်ဆိုးဒေါသဖြစ်ကာ ချစ်သူကို ဓားဖြင့်ထိုးခဲ့သလို မိမိကိုယ်ကိုယ်လည်း ဓားဖြင့် ထိုးသတ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ဘန်လာမန့်အရပ်ဒေသရှိ ရဲစခန်းမှ ရဲမှူး Apinan Sritongrungrup သည် ဓားထိုးမှုဖြစ်ပွားသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၂၉နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို သွေးအိုင်ထဲတွင်လဲကျနေသည်ကို တွေ့မြင်ရပြီး ၎င်း၏ ဝမ်းဗိုက်တွင် ဓားဒဏ်ရာ ၄ ချက်ရရှိထားကာ တစ်ချက်က နှလုံးကို ထိခဲ့ကြောင်း ပြောသည်။

သွေးအိုင်ထဲလဲကျနေသော မြန်မာနိုင်ငံသား၏ဘေးနားတွင် အရှည် ၁၅ စင်မီတာရှိပြီ သစ်သီးခွဲသည့်ဓားကို တွေ့မြင်ရသလို Honda PCX အမျိုးအစား ဆိုင်ကယ်ကိုလည်း တွေ့မြင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ထို့အပြင် အသက် ၂၄ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီး ဂျီရာပွန် တွင်လည်း ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် ညာဖက်လက်တို့တွင်
ဒဏ်ရာရများရရှိခဲ့ကြောင်း သိရသည်။

ထိုင်းအမျိုးသမီးသည် ရည်စား၏ ဓားဖြင့်တိုက်ခိုက်ခံရခြင်းကြောင့် ပတ်ဝန်းကျင်ကို အော်ဟစ်အကူညီတောင်းခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှသူများမှ ဒဏ်ရာရရှိသည့်ထိုင်းအမျိုးသမီးကို ဝိုင်းဝန်းကယ်ထုတ်ခဲ့ပြီး ဆေးရုံသို့တင်ပို့ခဲ့ရာ လက်ရှိအချိန်တွင် အခြေအနေများ တည်ငြိမ်ကောင်းမွန်နေကြောင်း သိရသည်။ မြန်မာနိုင်ငံသားကမူ မိမိ ကိုယ်ကိုယ် ထိုးသွင်းဒဏ်ရာများကြောင့် သေဆုံးရန်အလားအလာများကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

မျက်မြင်တွေ့ရှိသူများက ထိုင်းအမျိုးသမီးသည် အသက် ၂၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနှင့် ချစ်ကြိုက်နေရာမှ ထိုင်းအမျိုးသမီးက လမ်းခွဲရန်ပြောဆိုခဲ့ကြောင်း၊ ထို့အတွက်ကြောင့် မြန်မာနိုင်ငံသားက စိတ်ဆိုးဒေါသဖြစ်ကာ ဓားဖြင့်ထိုးသတ်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲ့ထွယံတွင် ထွက်ဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *