၂. ၁၁. ၂၀၂၄
Written by Thettant
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း – ဟဲဟိုးသွားလမ်းမှာ စက်ပျက်လို့ ရပ်ထားတဲ့ ကျောက်မီးသွေးတင် တွဲကားကို ဟိုက်ဂျက်ယာဥ်က နောက်က ဝင်တိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ အောင်ပန်း နာရေးကူညီမှု အသင်းထံက သိရပါတယ်။
ဖြစ်စဉ်က နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ အောင်ပန်း-ဟဲဟိုးသွားလမ်း အင်းခေါင်းစျေးအနီး စက် ပျက်လို့ ရပ်ထားတဲ့ ကျောက်မီးသွေးတင်တွဲကားကို ဟိုက်ဂျက်က နောက်ကနေ ဝင်တိုက်မှုဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဥ်ကြောင့် အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်မှာ နေထိုင်ပြီး ယာဉ်ပေါ်ပါလာတဲ့ ဒေါ်နန်းချမ်း ဆိုသူ အသက် ၅၇ နှစ်ခန့်အရွယ်အမျိုးသမီး အခင်းဖြစ်ပွားရာ နေရာမှာ ဆုံးပါးခဲ့ပြီး၊ အမျိုးသား တစ်ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရလူနာတွေကို သီခေါင်လူမူကူညီရေးအသင်းက တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သလို ဖြစ်စဉ်မှာ ဆုံးပါးခဲ့တဲ့ Dead Body ကို ဟဲဟိုးဆေးရုံ ရင်ခွဲရုံကတစ်ဆင့် အောင်ပန်းနေအိမ်ဆီ ကူညီပို့ဆောင်ပေးခဲ့တဲ့အပြင် Cool box တပ်ဆင်ပေးခဲ့တယ်လို့လည်း နာရေးကူညီမှုအသင်း – အောင်ပန်းက ဖော်ပြထားပတယ်။