November 2, 2024

◾ PDF ကြီးစိုးရာနယ်​မြေတွင် မျက်နှာဖုံးစွပ်ထားသူများက လာသတ်ခြင်းဖြစ်၍ သတ်ဖြတ်သူများက ပသုံးလုံးအဖွဲ့ဝင် PDF များဖြစ်မည်ဟု ယူဆနေကြ

၂. ၁၁. ၂၀၂၄
Written by Nay Moe

PDF တွေ ကြီးစိုးထိန်းချုပ်ထားတဲ့ ရေဦးမြို့နယ်၊ အုန္နဲပေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင် ဆရာတော်ကို မျက်နှာဖုံးစွပ် လူတစ်စုက ကျည်ဘောက်တစ်ကတ်လုံးကုန်အောင် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သလို သတ်ဖြတ်သူတွေက လူမမှတ်မိအောင် မျက်နှာဖုံးစွပ်ထားတာနဲ့ PDF ကြီးစိုးနယ်မြေဖြစ်တာကြောင့် PDF တွေ သတ်တာဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

ဖြစ်စဥ်က အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်း ၈နာရီ ၄၀ မိနစ်အချိန်လောက်မှာ ရေဦးနယ်မြောက်ဘက်ခြမ်းရှိ အုန္နဲပေါင်းကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်းကို မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိ အကြမ်းဖက်သမား လက်နက်ကိုင် ၄ ဦးဟာ ဆိုင်ကယ် ၂ စီးနဲ့ ဝင်ရောက်လာပြီး ကျောင်းအောက်ထပ်က ကိုရင်တွေနဲ့ ကျောင်းစောင့်ပြည်သူတွေကို ဝမ်းလျားမှောက်ခိုင်း၊ ခေါင်းထောင်မကြည့်ကြဖို့ ပြောဆိုခြိမ်းခြောက်ကာ ကျောင်းအပေါ်ထပ်မှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင်ဘုန်းကြီး အရှင်ဣန္ဒကသီရိကို ကျည်ဘောက်လိုက်ဆွဲ အနီးကပ်ပစ်ခတ်သွားတာကြောင့် ညချင်းပဲ ပျံလွန်တော်မူသွားတာဖြစ်ပါတယ်။

“အဲဒီတစ်ကြောလုံးက PDF တွေ ကြီးစိုးထားတာ။ အုန္နဲပေါင်းရွာက ရေဦးနဲ့ ခုနစ်မိုင်လောက်ဝေးတဲ့ အောင်သာယာရွာနားမှာရှိတာ။ အောင်သာယာရွာက PDF တွေလိုပြောရမယ်ဆို ပျူစောထီးရွာ။ ဒါပေမဲ့ အဲဒီရွာက ပြည်သူ့စစ်တွေကို မနှစ်က နိုဝင်ဘာလထဲမှာ PDF တွေ ဝင်ဖမ်းလို့ ဆယ်ယောက်လောက်သေတယ်ပြောသလို ရှစ်ယောက်လောက်အဖမ်းခံရတဲ့အပြင် ပြည်သူ့စစ်ခေါင်းဆောင်လည်း ထွက်ပြေးသွားတာ။ အခုလည်း PDF တွေကပဲ အဲဒီရွာကို ပိတ်ထားတာ။ ရေဦးတစ်ကြောလုံးက PDF ရွာတွေနဲ့ PDF တွေချည်းကျန်တာ။ အခုက ဆရာတော့်ကို တမင်လာသတ်ကြတာ။ သတ်တဲ့သူတွေကလည်း သူတို့မမှတ်မိအောင် မျက်နှာဖုံးတွေနဲ့မို့လို့ ဒေသခံ အကုန်လုံးက လူသတ်သမားတွေက PDF တွေ၊ ပသုံးလုံးအဖွဲ့တွေလို့ပဲ ထင်နေကြတာ။ PDF ကြီးစိုးနယ်မြေထဲ ဘယ်ပျူစောထီးက လေးယောက်ထဲ လာလုပ်ရဲမလဲ။ အနားမှာလည်း ပြည်သူ့စစ်ရွာအောင်သာယာက သူတို့ပဲ တိုက်ခိုက်ဖျက်ဆီးထား၊ ပိတ်ထားလို့ ပြည်သူ့စစ်ရွာမှမရှိတော့တာ။ အဲဒီအောင်သာယာရွာက လာလုပ်တယ်ဆိုလည်း လေးယောက်ထဲကတော့ အုန္နဲပေါင်းရွာမရောက်ခင် လမ်းမှာတင် PDF လက်ချက်နဲ့သေကုန်မယ်ဆိုတာ အားလုံးသိတယ်” လို့ ဒေသခံတစ်ဦးက MT News မေးမြန်းမှုကို ပြန်လည်ဖြေဆိုပါတယ်။

ကျောင်းထိုင်ဘုန်းဆရာတော်ရဲ့ ငယ်နာမည်အရင်းက မောင်အောင်မိုး ဖြစ်ပြီး ရဟန်းဘွဲ့နာမည်က အရှင်ဣန္ဒကသီရိ ဖြစ်သလို အသက်(၄၄)နှစ်ရှိပြီး ရဟန်းဝါတော်(၂၃)ဝါ ရှိပြီဖြစ်တယ်လို့ People’s Defense Comarade က ထုတ်ပြန်ဖော်ပြထားသလို အရှင်ဣန္ဒကသီရိဟာ ကျေးရွာပြည်သူလူထုအပေါ် စိတ်ထားစေတနာကောင်းရှိတဲ့ ကျောင်းထိုင်ရဟန်းတစ်ပါးဖြစ်တဲ့အပြင် သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နေတဲ့ ရဟန်းတစ်ပါးဖြစ်ကြောင်း၊ အခုလိုလုပ်ကြံ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရင်ဘတ်တစ်ချက်၊ ဝမ်းဗိုက်တစ်ချက်၊ ဘယ်ဘက်လက်တစ်ချက် ညာဘက်ပေါင်တစ်ချက် ထိမှန်ပြီး ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း ရွာခံပြည်သူတွေ ပြောပြချက်ကိုလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောင်းဝန်းအတွင်းရပ်ထားတဲ့ ကား ၂ စီးက ကားတွေကို ပစ်ဖောက်ထားခဲ့ပြီး ဆရာတော် မွေးမြူစောင့်ရှောက်ထားတဲ့ ကျောင်းစောင့်ခွေးတစ်ကောင်ကိုလည်း ပစ်ခတ်သတ်ဖြတ်ထားခဲ့ကြောင်းနဲ့ ပစ်ခတ်သတ်ဖြတ်သွားတဲ့ အမည်မသိ အကြမ်းဖက်သမားတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ PDF တွေက စုံစမ်းစစ်ဆေး လိုက်လံဖမ်းဆီးနေတယ်လို့လည်း People’s Defense Comarade က ထုတ်ပြန်ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်းမှာ NLD၊ NUG ၊ PDF နဲ့ EAO တွေကို မထောက်ခံတဲ့ ရဟန်းသံဃာ ၉၀ ကျော်နဲ့ သီလရှင် ၂ ပါးကို တော်လှန်ရေးသမားဆိုသူတွေက သတ်ဖြတ်ထားသလို သံဃာအပါး ၅၀ ခန့်ကလည်း PDF တွေရဲ့ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *