◾ ယခုနှစ်အတွင်း စည်းကမ်းချိုးဖောက်တဲ့ ယာဥ်မောင်းတွေကို ဖမ်းဆီးအရေးယူတဲ့အမှုပေါင်းက ၄၃၀၀၀ ကျော်အထိရှိခဲ့
၂.၁၁.၂ဝ၂၄
Written by K Pyay Thein
စည်းကမ်းမဲ့ YBS ယာဉ်မောင်းတွေကို ယာဥ်မောင်းလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမှာဖြစ်တယ်လို့ YRTC ကထုတ်ပြန် ကြေညာလိုက်ပြီး ယခု ၂ဝ၂၄ ခုနှစ်အတွင်း စည်းကမ်းချိုးဖောက်တဲ့ယာဥ်မောင်းတွေကို ဖမ်းဆီးအရေးယူတဲ့အမှုပေါင်းက ၄၃၀၀၀ ကျော်အထိရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ထံက သိရပါတယ်။
ဒါ့အပြင် YRTC အနေနဲ့ ယာဥ်ဘေးတံခါးဖွင့်မောင်းနှင်မှု၊ တစ်စီးနဲ့တစ်စီးကျော်တက်မှုတို့ အပါအဝင် စည်းကမ်းမဲ့မီးနီးဖြတ်မောင်းမှုတို့ကို သုံးကြိမ်အထက်ကျုးလွန်တဲ့ YBS ယာဥ်မောင်းနှင်သူတွေကိုလည်း ပြစ်ဒဏ်ချမှတ်တာတွေနဲ့ ထိထိရောက်ရောက် အရေးယူတာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“စည်းကမ်းမဲ့ယာဉ်မောင်းတွေနဲ့ ပတ်သက်လို့ အသိပညာပေးတာတွေကိုပြုလုပ်နေပါတယ်။ ပြစ်မှုကို သုံးကြိမ်အထက်ကျော်လွန်ရင် ဥပေဒေ၊ နည်းဥပဒေတွေက ဘယ်လိုရှိတာတွေကိုလည်း သူတို့ကိုပြောပြထားပါတယ်။ အခု ၂၀၂၄ ခုနှစ်၊ ဇန်န၀ါရီလကနေ ယနေ့အထိဆို စည်းကမ်းချိုးဖောက်တဲ့ယာဥ်မောင်းတွေကို ဖမ်းဆီးအရေးယူတဲ့အမှုပေါင်းက ၄၃၀၀၀ ကျော်လောက်ရှိပါတယ်။ အဲ့ထဲမှာ ကားတစ်စီးနဲ့တစ်စီးယှဥ်ပြိုင်ကျော်တက်တဲ့အမှုက ၈၀၀၀ ကျော်လောက်ရှိပြီးတော့ ဘေးတံခါးဖွင့်မောင်းတဲ့အမှုက ၂ သောင်းကျော်လောက်ရှိပါတယ်။ ဘေးတံခါးဖွင့်မောင်းနှင်လို့ ခရီးသည်တွေပြုတ်ကျတာတွေ သေဆုံး၊ ဒဏ်ရာရတာတွေမဖြစ်ရအောင် ယာဉ်အန္တရာယ်ဘေးကင်းလုံခြုံရေးအသိပညာပေးတာတွေကိုလည်း ပြုလုပ်ပေးနေပါတယ်”လို့ YRTC က တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို YBS ယာဉ်မောင်း ၄၀၀၀ ဦးခန့်က နေ့စဉ်ပို့ဆောင်ပေးနေပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကြီးတစ်ခုလုံး ဘေးကင်းလုံခြုံမှုရှိစေဖို့ YRTC က အဓိက ရည်မှန်းချက်ထားကာ
လုပ်ဆောင်နေတယ်လို့ သိရတယ်။
ဒါ့အပြင် လမ်းပေါ် မှာ YBS ယာဉ်တွေ အချင်းချင်း ကျော်တက်မောင်းနှင်တာတွေ အပါအဝင် လမ်းပြောင်းပြန် မောင်းနှင်မှု၊ မီးနီဖြတ်သန်းမောင်းနှင်မှု၊ သတ်မှတ်ကီလိုထက်ကျော်လွန် မောင်းနှင်မှုတို့ကို YRTC က လုံးဝခွင့်လွှတ်မှာမဟုတ်ဘဲ ဒီလို စည်းကမ်းမဲ့ယာဉ်မောင်းတွေကို YRTC မှ ယာဉ်မောင်း Smart Card ဖျက်သိမ်းတာတွေအပြင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းစေရေးကောင်စီကလည်း ကညန ယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခုသတ်မှတ်ပြီး ပိတ်သိမ်းအရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
YRTC က စောင့်ကြပ်အရေးယူရာမှာလည်း Traffic Control Center က နည်းပညာမြင့် Telematics စက်တွေ၊ CCTV Record တွေနဲ့ မှတ်တမ်းရယူ အရေးယူမှုတွေ အပါအဝင်
မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိတို့ကိုစစ်ဆေးပြီး သက်သေ ခိုင်လုံစွာနဲ့ စစ်ဆေးကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း သိရှိရပါတယ်။