၂. ၁၁. ၂၀၂၄
Written by Nyein Kyaw
နယ်စပ်ကုန်သွယ်မှုမှ တင်ပို့သော ဆန်/ဆန်ကွဲ၊ ပဲမျိုးစုံအပါအဝင် ပို့ကုန်ပစ္စည်း ၈ မျိုးကိုသာ ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအား ပြင်ပဈေးကွက်တွင် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုခဲ့ရာမှ နိုဝင်ဘာ ၁ ရက်မှစတင်၍ ကြက်သွန်၊ သစ်သီးမျိုးစုံအပါအဝင် ပို့ကုန်ပစ္စည်း ၇ မျိုးကိုပါ ထပ်မံခွင့်ပြုပေးလိုက်ကြောင်း အောက်တိုဘာ ၃၀ ရက်စွဲပါ ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၆/၂၀၂၄) ဖြင့် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ပင်လယ်ရေကြောင်းမှ ပို့ကုန်ပစ္စည်းအားလုံးနှင့် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့သော အောက်ဖော်ပြပါ ကုန်စည် ၈ မျိုးနှင့် စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆၆/၂၀၂၂) (၄၉/၂၀၂၃) တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ ပို့ကုန်ရငွေ (နိုင်ငံခြားသုံးငွေ)၏ ၂၅ ရာခိုင်နှုန်းလဲလှယ်အသုံးပြုရမည့် ကုန်စည်အဖြစ် (ပို့ကုန်ရငွေ၏ ၇၅ ရာခိုင်နှုန်းအထိ ပြင်ပတွင်လွတ်လပ်စွာ ရောင်းချခွင့်) သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်မှတင်ပို့ခြင်းအတွက် ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ)၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း)၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း (ငါးမျိုးစုံ၊ ပုစွန်၊ ဂဏန်း၊ ငါးရှဉ့်)၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း (ကျွဲအရှင်၊ နွားအရှင်၊ ဆိတ်အရှင်၊ ကျွဲသားရေ၊ နွားသားရေ၊ ဆိတ်သားရေ၊ အေးခဲအသားနှင့် အသားခြောက်)၊ ဆန်နှင့်ဆန်ကွဲ၊ ကြံ စသည် ၈ မျိုးကိုသာ ကနဦးခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ယခုအခါ နယ်စပ်ကုန်သွယ်မှုမှ တင်ပို့သော အဆိုပါကုန်ပစ္စည်း ၈ မျိုးအပြင် ပဲမျိုးစုံ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီ၊ သစ်သီးမျိုးစုံနှင့် သီးနှံမျိုးစုံ၊ ကြိမ်၊ ဝါ(ဝါဂွမ်း)၊ သတ္တုနှင့်သတ္တုရိုင်း၊ အခြားသတ္တုတွင်းထွက်ပစ္စည်း စသည့် ၇ မျိုးကိုပါ ထပ်တိုး၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ ပို့ကုန်ရငွေ (နိုင်ငံခြားသုံးငွေ)၏ ၂၅ ရာခိုင်နှုန်းလဲလှယ်ခြင်းကို ယခုနိုဝင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်ရန် အသိပေးကြေညာထားသည်။