MT News
၁. ၁၁. ၂၀၂၄
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် စတင်ချိန်မှ ယခုအချိန်အထိ လျှောက်ထားသူ ၈၁၀ ဦးရှိပြီး မိသားစုအပါအဝင် ၆၉၉ ဦးအား စိစစ်အတည်ပြုပေးနေသည်ဟု ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက စိစစ်အတည်ပြုပြီး သူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းအစည်းအဝေးတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System-PR System) ဖြင့် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသားနှင့် သွေးချင်းစပ်ဆက်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား(၄)မျိုး သတ်မှတ်ခွင့်ပြုပေးလျက်ရှိသည်။
ယခု ပြုလုပ်သည့် လူတွေ့အစည်းအဝေးတွင် ယခင်ကျန်ရှိသူ မိသားစုမပါ (၃၃) ဦးနှင့် ပြီးခဲ့သည့်အစည်းအဝေးမှ မိသားစုမပါ (၃၇) ဦး၊ စုစုပေါင်း (၇၀)အနက် လူတွေ့စစ်ဆေးခြင်းခံယူရန် အကြောင်းပြန်ကြားသူ မိသားစုမပါ (၃၃) ဦးအား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက် အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေး နိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။