◾ မြေပြင်မှာ ထပ်တိုးကောက်ယူမှုတွေအပါအဝင် သန်းခေါင်စာရင်းကောက်မှုတွေ အလုံးစုံပြီးစီးပြီဟု ဆို
၁.၁၁.၂ဝ၂၄
Written by K Pyay Thein
၂ဝ၂၄ ခုနှစ်၊ လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေး အစီရင်ခံစာထုတ်ပြန်ခြင်းကို လုပ်ငန်းအချိန်ဇယားအရ အခုနှစ်ဒီဇင်ဘာလမှာ ထုတ်ပြန်ဖို့ လျာထားဆောင်ရွက်နေတယ်လို့သိရပြီး မြေပြင်မှာတော့ ထပ်တိုးကောက်ယူမှုတွေအပါအဝင် သန်းခေါင်စာရင်းကောက်မှုတွေဟာ အလုံးစုံပြီးစီးနေပြီဖြစ်တယ်လို့ လ.ဝ.က နဲ့သန်းခေါင်စာရင်းကောက်ယူရေး အုပ်ချုပ်ရေးပိုင်းဆိုင်ရာနီးစပ်သူတွေထံကနေ သိရပါတယ်။
“သန်းခေါင်စာရင်းကောက်တာက အားလုံးပြီးနေပါပြီ။ ကျွန်တော်တို့မြို့နယ်တွေဆို ကောက်ဖို့ လုံးလုံးမရှိတော့ပါဘူး။ အစီရင်ခံစာထုတ်ပြန်တာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနက သူတို့ရဲ့ လုပ်ငန်းစဉ်အတိုင်းထုတ်ပြန်သွားပါလိမ့်မယ်။ အခုထပ်တိုးကောက်ယူမှုတွေလည်း ဒီနေ့ နိုဝင်ဘာ ၁ ရက်မှာအားလုံးပြီးနေပါပြီ”လို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက MT News ကို ပြောပါတယ်။
လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစလို့ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့တာဖြစ်ပြီး ကျန်ကောက်(ကျန်ရှိနေသောသူ)တွေရဲ့ ကောက်ယူမှုတွေကိုလည်း နောက်ထပ် ၁၅ ရက် ထပ်မံတိုးမြှင့်ပြီး ယခုအောက်တိုဘာလ ၃၁ ရက်နေ့အထိ ကောက်ယူခဲ့ကြတာဖြစ်ပါတယ်။
လ.ဝ.က ဝန်ကြီးဌာနရဲ့ထုတ်ပြန်မှုတွေအရ ၂ဝ၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူမှုဟာ လုပ်ငန်းအချိန်ဇယားအရ ရှေ့ပြေးအစီရင်ခံစာထုတ်ပြန်ခြင်းကို ယခုနှစ် ဒီဇင်ဘာလမှာထုတ်ပြန်ဖို့လျာထားပြီး ဆန်းစစ်လေ့လာခြင်းနဲ့ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက်အစီရင်ခံစာတွေကိုလည်း လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ ပြုစုထုတ်ပြန်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နှစ်(၃၀)ကြာမကောက်ယူနိုင်ခဲ့တဲ့သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်လည်ကောက်ယူနိုင်ခဲ့ပြီးနောက် (၁၀)နှစ်အကြာ ယခု ၂ဝ၂၄ ခုနှစ်မှာ လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံတစ်ဝန်းမှာ ကောက်ယူခဲ့ကြတာဖြစ်ပါတယ်။
နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ သန်းခေါင်စာရင်းဟာ လူဦးရေဆိုင်ရာအချက်အလက်တွေနဲ့ အိမ်ထောင်စုတွေရဲ့ဝိသေသလက္ခဏာတွေကို ရရှိနိုင်တဲ့ အရေးကြီးသော ရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။
ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူရာမှာ သန်းခေါင် စာရင်းရည်ညွှန်းချိန်သတ်မှတ်ပြီး ရည်ညွှန်းချိန်မှာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းနေထိုင်သူအားလုံးကို စာရင်းကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လ.ဝ.က ဝန်ကြီးဌာနရဲ့ထုတ်ပြန်မှုတွေအရ သန်းခေါင် စာရင်းကောက်ယူရာမှာ သမားရိုးးကျအိမ်ထောင်စုတွေမှာ နေထိုင်သူတွေသာမက အဖွဲ့အစည်းတွေဖြစ်တဲ့ ဘိုးဘွားရိပ်သာတွေ၊ မိဘမဲ့ဂေဟာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ အကျဉ်းထောင်တွေ၊ ဘော်ဒါဆောင်တွေ၊ ဆေးရုံတွေ၊ တပ်ရင်းတပ်ဖွဲ့တွေမှာ နေထိုင်သူတွေနဲ့ အိမ်ခြေရာခြေမဲ့တွေအပါအဝင် လူအားလုံးကို စာရင်းကောက်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒါအပြင် ၂၀၂၄ ခုနှစ်၊သန်းခေါင်စာရင်းကောက်ယူရာမှာ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ကွန်ပျူတာအထောက် အကူပြု လူတစ်ဦးချင်း ကောက်ယူတဲ့စနစ်(Computer Assisted Personal Interviewing – CAPI) ကိုအသုံးပြုကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပြီး ရရှိလာတဲ့အချက်အလက်တွေကို Mobile Tablet အတွင်းထည့်သွင်းထားတဲ့ စာရင်းကောက်ယူမယ့် ပရိုဂရမ်တွေ အသုံးပြုပြီး စာရင်းကောက်တွေက မိမိတာဝန်ကျရာစာရင်း ကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် စာရင်းကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဟာ ဆာဗာအတွင်းကို အချိန်နဲ့တစ်ပြေးညီရောက်ရှိသွားမှာဖြစ်ပြီး အချက်အလက်တွေကိုဆန်းစစ်ရာမှာလည်း များစွာအထောက်အကူဖြစ်စေမှာဖြစ်တယ်လို့ သိရှိရပါတယ်။