၁.၁၁.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ ၅ ရက်မှာကျင်းပဖို့ ငါးရက်သာလိုတော့တဲ့အချိန်မှာ သမ္မတလောင်းနှစ်ဦးဖြစ်ကြတဲ့ ရီပတ်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရန့် နဲ့ ဒီမိုကရက်ပါတီမှ ကာမာလာဟားရစ်တို့ ကတော့ ဘယ်သူအသာရနေတယ်လို့ မဆုံးဖြတ်နိုင်တဲ့ သူမသာကိုယ်မသာ အခြေအနေမှာရှိနေတယ်လို့ Forbes သတင်းဌာနရဲ့ အောက်တိုဘာလ ၃၀ ရက်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ လေ့လာသုံးသပ်ချက်စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။
Forbes သတင်းဌာနရဲ့ ရွေးကောက်ပွဲထောက်ခံမှုအပေါ် နောက်ဆုံးလေ့လာချက်စစ်တမ်းမှာ ဟားရစ်က ၄၉ ရာခိုင်နှုန်း – ထရန့်က ၄၈ ရာခိုင်နှုန်း ဆိုတဲ့ တစ်ရာခိုင်နှုန်းအသာနဲ့ ဦးဆောင်ထားပါတယ်။ ဒါပေမယ့်လည်း မဲဆန္ဒရှင်တွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က သဘောထားပြောင်းလဲနိုင်ကြသေးတာကြောင့် စစ်တမ်းမှာ မဆိုစလောက် ရာခိုင်နှုန်းအသာရမှုက ရွေးကောက်ပွဲရလဒ်အတွက် ယတိပြတ်အဖြေလို့ မဆိုနိုင်ပါဘူး။
သူတို့နှစ်ဦးအပေါ်ထောက်ခံမှုကို လေ့လာဆန်းစစ်ကြတဲ့ အခြားသော အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲ အဓိကလေ့လာသုံးသပ်ချက်တွေမှာလည်း သူတို့သမ္မတလောင်းနှစ်ဦးအပေါ်ထောက်ခံမှု ရာခိုင်နှုန်းက ဘယ်သူကပဲသာသာ တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိမပိုတာကြောင့် ရွေးကောက်ပွဲမှာ အနိုင်ရမယ့်သူကို မခန့်မှန်းနိုင်တဲ့အခြေအနေ ရောက်နေရတာပါ။
ဒေါ်နယ်ထရန့်က အရင် ရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီကအဆိုပြုခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒန်ကိုတော့ ရွေးကောက်ပွဲလေ့လာသုံးသပ်ချက်တွေမှာ အသာရခဲ့တာပါ။ဒါပေမယ့် ဇူလိုင်လ ၂၁ ရက်မှာ ဂျိုးဘိုင်ဒန်နေရာကို ဟားရစ်ကို အစားထိုးအဆိုပြုပြီးချိန်မှာတော့ ထရန့်နဲ့ဟားရစ်တို့အပေါ်ထောက်ခံမှု စစ်တမ်းတွေမှာ ဟားရစ်က မဆိုစလောက် ရာခိုင်နှုန်းလောက်တွေနဲ့ အသာရခဲ့တာပါ။ တစ်ခါ ရွေးကောက်ပွဲ နီးလာချိန်မှာတော့ ဟားရစ်အပေါ်ထောက်ခံမှုအနည်းငယ်ကျဆင်းလာပြီး သူတို့နှစ်ဦးအပေါ်ထောက်ခံမှု ဟာ သူမသာ ကိုယ်မသာ ဖြစ်နေခဲ့ကြတော့တာပါပဲ။
အခုဆိုရင် မဲဆန္ဒရှင် ၆၂ သန်းကျော်က အောက်တိုဘာလ ၃၁ ရက်အထိ ကြိုတင်မဲတွေပေးခဲ့ကြပါပြီ။ ဒီမှာ ကမ္ဘာကပါ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကတော့ ငါးရက်သာလိုတော့တဲ့အချိန်မှာတောင် ယတိပြတ် မခန့်မှန်းနိုင်ဖြစ်နေရတယ်လို့ ဆိုပါရစေ။
Ref- Forbes