November 1, 2024

၁. ၁၁. ၂၀၂၄
Written by Nay Moe

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းယူခံထားရတဲ့ TNLA လက်နက်ကိုင်တွေ အခြေပြုရာ ကွတ်ခိုင်မြို့က နိုင်ငံပိုင်ရုံးတွေအနီးကို ဒီနေ့မနက်မှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကွတ်ခိုင်မြို့၊ ရပ်ကွက် (၂) က နိုင်ငံပိုင်ရုံးတွေကို MNDAA လက်နက်ကိုင်တွေ ဖွင့်လှစ်လည်ပတ်နေတယ် သတင်းအရ ဒီနေ့ မနက် ၃ နာရီ၂၈၊ ၃ နာရီ ၃၃ မိနစ်နဲ့ ၃ နာရီ ၃၈ မိနစ်တွေမှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေက ကွတ်ခိုင်မြို့ ရပ်ကွက်(၂)အတွင်းက အကောက်ခွန်ဌာနရုံး၊ မီးသတ်ဌာနရုံး၊ (န.တ.လ) ကျောင်း၊ EPC ရုံး၊ အေရှာဝေါလ်တိုးဂိတ်အနီးနဲ့ ယူကလစ်တောအနီးတို့မှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒီလို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် TNLA လက်နက်ကိုင် တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ကျွဲ ၁ ကောင်နဲ့ ဌာနဆိုင်ရာအဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့သလို မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးလည်း ကျန်ရှိနေပြီး ဖယ်ရှားနိုင်ဖို့ TNLA လက်နက်ကိုင်တွေ ကြိုးပမ်းနေရတယ် ​ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကလည်း နယ်မြေလု TNLA တွေ ရှင်သန်လည်ပတ်ရာ ကွတ်ခိုင်မြို့မစျေးကို လေကြောင်း ၄ ကြိမ် လာရောက်တိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို မြို့မစျေးဆိုင်ခန်းပေါင်း ၄၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ရသေးပါတယ်။ လက်ရှိမှာတော့ TNLA ကို အကြမ်းဖက်အဖြစ် စက်တင်ဘာ ၂ ရက်မှာ ကြေညာထားသလို ဒီလိုအကြမ်းဖက်လက်နက်ကိုင်တွေကို တုံ့ပြန်တိုက်ခိုက်တော့မှာလို့ ရှောင်ရှားဖို့ သတိပေးထားတာကြောင့် ကွတ်ခိုင်က ပြည်သူအများစုကတော့ စစ်ဘေးက တိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *