October 31, 2024

◾ ပြင်ဦးလွင်တွင်လည်း ဝါယာကြိုးများဟောင်းနွမ်းဆွေးမြေ့ရာမှ ကြက်ခြံဟောင်းနှင့်ဆီဂါလံများ တစ်နာရီကြာမီးလောင်မှုဖြစ်ပွား

၃၁.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ညောင်ပင်ကျေးရွာ၊ အလောင်းဘုရားလမ်းရှိ ငါးပိငါးခြောက်စက်မှုဇုန်ရှိ ငါးခြောက်လုပ်ငန်းအလုပ်ရုံတွင် ယနေ့ အောက်တိုဘာလ ၃၁ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်က မီးသွေးမီးဖိုဖြင့် ငါးကြပ်တင်ထားရာမှ  မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ အလျား ပေ ၅၀၊ အနံ ၃၀ ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက်အဆောက်အအုံတွင် မီးသွေးမီးဖိုဖြင့် ငါးကြပ်တင်ထားရာမှ ဝါးကပ်စင်သို့ မီးကူးစက်လောင်ကျွမ်းခဲ့​ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း လူနေအိမ် ၁ လုံး၊ အလျား ပေ ၅၀၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ ထရံကာ၊ မြေစိုက်အဆောက်အအုံနှင့် ငါး​ခြောက်၊ ဝါးကပ်စင်၊ ဝါယာကြိုးများနှင့် ပန်ကာတို့ မီးလောင်ကျွမ်းခဲ့သည်။

ငါးခြောက်လုပ်ငန်းမီးလောင်မှုကြောင့် ငါးကြပ်ရုံလုပ်သား အသက် ၁၉ နှစ်အရွယ် အမျိုးသားကို သရက်ပင်ချောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅
ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ဝက်ဝံကျေးရွာအုပ်စု၊ ကျွန်းတပင်ကျေးရွာတွင် တပ်ဆင်သုံးစွဲနေသော ဝါယာကြိုးများ ဟောင်းနွမ်းဆွေးမြေ့ရာမှ ကြက်ခြံဟောင်းတွင် အောက်တိုဘာ ၃၀ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်မှစ၍ တစ်နာရီခန့်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဖြစ်စဥ်မှာ  အလျားပေ ၃၀၊ အနံပေ ၃၀ သွပ်မိုးသွပ်ကာ တစ်ထပ်အဆောက်အအုံရှိ မျက်နှာကျက်တွင် သွယ်တန်းထားသော ဝါယာကြိုးများ ဟောင်းနွမ်းဆွေးမြေ့ပေါက်ပြဲရာမှ အထက်သားမျက်နှာကျက်သို့ မီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုးသွပ်ကာတစ်ထပ်အဆောက် အအုံနှင့် ဆီဂါလံ ၅၀ တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် အသက် ၅၃ နှစ်အရွယ် ဒေါ်အေးအေးခိုင်ကို ပိတ်ချင်းမြောင်ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

ပုံစာ။ ဒဂုံဆိပ်ကမ်းနှင့် ပြင်ဦးလွင် မီးလောင်မှုဖြစ်စဥ်မြင်ကွင်းများ။

Leave a Reply

Your email address will not be published. Required fields are marked *