၃၁.၁ဝ.၂ဝ၂၄
Written by K Pyay Thein
ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးငယ်ကို ဒီနေ့ ညနေပိုင်းအချိန်မှာပြန်တွေ့ပြီဖြစ်ပြီး ကလေးခိုးယူသွားသူဟာ ကလေးရူးရူးနေသူဖြစ်ကာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာ ကလေးငယ်ကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ခေါ်သွားတဲ့သူက ကလေးရူးရူးနေတဲ့ သူတစ်ယောက်လို့ သိရပါတယ်။ ပြန်တွေ့တာက ဒီနေ့ညနေ ၃ နာရီဝန်းကျင်က သင်္ဃန်းကျွန်း စံချိန်သစ်၊ မေတ္တာ (၂)လမ်း၊ (င/က)ရပ်ကွက်မှာ ပြန်တွေ့သွားတာဖြစ်ပါတယ်”လို့ ကလေးငယ်ရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက အသိပေးထားပါတယ်။
ယမန်နေ့ အောက်တိုဘာ ၃ဝ ရက်၊ နံနက်အစောပိုင်း ဝေလီဝေလင်းအချိန်မှာ ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ၉ ရက်သားသာရှိသေးတဲ့ မိန်းကလေး ကလေးငယ်ကို လူနာစောင့်ဟန်ဆောင်ပြီး ကလေးမိခင်သန့်စင်ခန်းသွားနေတဲ့အချိန်မှာ ခိုးယူသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ကလေးမိခင်က ကလေးမွေးပြီးလို့ သားကြောဖြတ်ပြီး ဆေးရုံတက်နေတဲ့အချိန်မှာ အခုလိုဖြစ်သွားတာပါ။ သူကလူနာစောင့်ဟန်ဆောင်ပြီး ကလေးကိုခိုးယူသွားတာပါ။ ဆေးရုံဘက်က တာဝန်ရှိသူတွေကတော့ ရဲကိုတိုင်ပေးတာ လိုက်လံရှာဖွေပေးတာတွေလည်းလုပ်ပေးခဲ့ပါတယ်”လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကလေးငယ်ရဲ့မိသားစုဝင်တွေနဲ့အတူ ရဲတပ်ဖွဲ့တွေ၊ ဆေးရုံတာဝန်ရှိသူတွေရဲ့ကူညီရှာဖွေပေးမှုကြောင့် ကလေးငယ်ကို ကျန်းမာစွာနဲ့ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ကလေးခိုးယူသွားခဲ့သူကိုလည်း သက်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်တယ်လို့ သိရှိရပါတယ်။
Photo – CJ